Friday 24 August 2012

နယူးယောက်တွင် အငြိမ့်ပွဲ ဖျော်ဖြေရန် ပြင်ဆင်နေကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) ၊ မိုးမိုး

နယူးယောက်ကို ရောက်ရှိလာကြစဉ်

မြန်မာ လူငယ် အနုပညာရှင်များ ဖြစ်ကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) ၊ မိုးမိုးတို့ဟာ ၂၀၁၂ သြဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက လေကြောင်းခရီးနဲ့ နယူးယောက်မြို့ကို ရောက်ရှိခဲ့ပြီး သြဂုတ် ၂၅ ရက်နေ့တွင် ကျင်းပမယ့် ရယ်မော ပျော်ရွှင် အငြိမ့်သဘင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက် ရှိနေပါတယ်။ ရယ်မော ပျော်ရွှင် အငြိမ့်သဘင်ပွဲကို သြဂုတ် ၂၅ ရက် (စနေနေ့) ညနေပိုင်းတွင် 31-10 Thompson Ave, LIC NY 11101 ရှိ Laguardia Performing Arts Center တွင် ကျင်းပမှာဖြစ်ပြီး ၀င်ကြေး ဒေါ်လာ ၃၀၊ ၄၀၊ ၅၀၊ ၇၅၊ ၁၀၀ စသည်ဖြင့် သတ်မှတ်ထားပါတယ်။ ရယ်မော ပျော်ရွှင် အငြိမ့်သဘင်ပွဲကို BAB အဖွဲ့က စီစဉ် ကျင်းပခြင်း ဖြစ်ပါတယ်။ ပွဲ ကျင်းပခြင်းနဲ့ ပတ်သက်ပြီး BAB အဖွဲ့ဝင် ကိုစိုင်းနော်က “ကျွန်တော်တို့ အဖွဲ့မှာ ကိုကိုကြီး၊ ကိုဇီးကွက်နဲ့ ကျွန်တော် ကိုစိုင်းနော်တို့ ပါဝင်ပါတယ်။ ဒီမှာ နေထိုင်နေကြတဲ့ မြန်မာအသိုင်းအ၀ိုင်းအနေနဲ့ အမိမြေနဲ့ ဝေးကွာနေကြရတယ်။ အလုပ်တွေနဲ့ပဲ အမြဲ ရုန်းကန်နေရလေ့ ရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေချင်တယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာ လူမှုရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို လှူပါတယ်။ ကျင်းပခဲ့တဲ့ ပထမပွဲ၊ ဒုတိယပွဲတွေတုန်းကလည်း လှူတယ်။ အခုပွဲက ရတဲ့ အကျိုးအမြတ်တွေကိုလည်း လှူဖို့ ရှိပါတယ်။“ လို့ ပြောပြပါတယ်။ တင်မောင်ဆန်းမင်းဝင်းဟာ ယမန်နှစ်ကလည်း အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိခဲ့ပြီး ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သလို ယခုနှစ်မှာလည်း ဒုတိယတခေါက်အဖြစ် ထပ်မံ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုနှစ် အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက “ကျွန်တော်တို့တွေ မနှစ်ကလည်း လာခဲ့ပြီးပြီ လေ။ ဒီနှစ်လည်း နောက်ထပ်တကြိမ်ဆိုတော့ မနှစ်ကထက် ပို ကြိုးစားရမယ်ဆိုတဲ့ အသိတွေ အများကြီး ရှိပါတယ်။ အများကြီးလည်း ပြင်ဆင်ခဲ့ပါတယ်။ မြန်မာ အနုပညာကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားရောက် မြန်မာများအတွက် သေသေချာချာ လုပ်ကိုင်ခဲ့ပါတယ်။ နယူးယောက်ပွဲကလည်း ပွဲကြီးတခု ပါပဲ။ ဒုတိယအကြိမ် လာ က ရတယ်ဆိုတော့ နည်းနည်း ရင်ခုန်မိပါတယ်။“ လို့ စတင် ပြောပြပါတယ်။ သူက ဆက်လက်ပြီး “ကျွန်တော်တို့တွေ မနှစ်ကလိုပဲ သီချင်းဆိုမယ့် အဆိုတော်တွေ ပါတယ်။ နှစ်ပါးသွား ကမယ်။ တခန်းရပ်ဟာသပြကွက်လေးတခုတော့ လုပ်ဖြစ်မှာပါ ခင်ဗျ။“ လို့လည်း ပြောပြပါတယ်။ ထို့အပြင် ထွန်းထွန်း (Examplez) က “ကျွန်တော် ဒါပါနဲ့ဆို ဒုတိယအကြိမ်မြောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဒီက BAB အဖွဲ့နဲ့လည်း ဒုတိယအကြိမ် လက်တွဲခြင်း ပဲ။ ပထမအကြိမ်ကလည်း ထင်ထားတာထက် ပို အဆင်ပြေခဲ့ပါတယ်။ ဒီမှာ လာ ကရတဲ့အတွက် ရင်ခုန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထက် တာဝန်ကျေအောင် ကြိုးစားနေပါတယ်“ လို့ စတင် ပြောပြပြီး “မနှစ်ကဆိုရင် အခက်အခဲပေါင်းများစွာထဲက အငြိမ့်ပွဲ က ရတယ်လို့ သိရတယ်။ ကျွန်တော်တို့လေးယောက် (ဂျယ်နီ ရယ်၊ ကျော်ကျော်ဗိုလ်ရယ်၊ တင်မောင်ဆန်းမင်းဝင်းရယ်၊ ထွန်းထွန်းရယ်) အခက်အခဲတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ လေးယောက်ထဲ မနိုင်ဝန် ထမ်းခဲ့ရတာ ပါ။ နှင်းဆီအငြိမ့်မှာ ပြက်ခဲ့တဲ့ ပြက်လုံးတွေကို ပြက်ခဲ့ရတာပါ။ ကျွန်တော်တို့က လူရွှင်တော်အစစ်တွေ မဟုတ်တဲ့အတွက် အခက်အခဲ ရှိတယ် ပေါ့။ ဒါပေမယ့် လာကြည့်တဲ့ ပရိသတ်ကတော့ အမာခံတွေလို့ ယုံကြည်ပါတယ်။ ဒီနှစ် လာကြည့်မယ့် ပရိသတ်တွေကလည်း မနှစ်က ကောင်းသတင်းတွေကြောင့် လာကြည့်ကြတာဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ပရိသတ်ရဲ့ ကြိုဆိုမှုက နွေးထွေးပါတယ်။“ လို့ ပြောပြပါတယ်။ ရယ်မောပျော်ရွှင် အငြိမ့်သဘင်ပွဲမှာ တေးဂီတ ဖျော်ဖြေမှု၊ အငြိမ့်သဘင် နှစ်ပါးခွင်နဲ့ အတူ အခြား တင်ဆက်မှုများနဲ့ ပြင်ဆင်နေကြောင်း၊ ဂီတမှူးအဖြစ် စန္ဒရား အောင်ဝင်းက တာဝန်ယူပြီး မင်းသား တင်မောင်ဆန်းမင်းဝင်း၊ မင်းသမီး မေကဗျာ၊ လူရွှင်တော်များအဖြစ် ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့က ကပြကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ 


နယူးယောက်ကို ရောက်ရှိလာကြစဉ်
သတင်း - ရယ်မောပျော်ရွှင် အငြိမ့်သဘင် စန္ဒရားအောင်ဝင်း တင်မောင်ဆန်းမင်းဝင်း မေကဗျာ ထွန်းထွန်း (Exampl

 

No comments:

Post a Comment