Friday 24 August 2012

ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရန် ပြည်တွင်းရေကြောင်းမှ ရေယာဉ်များ တိုးချဲ့ပြေးဆွဲပေးမည်



ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာခဲ့သည့်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ ရေယာဉ်အစီးရေ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ကားလမ်းနဲ့ သွားလို့ရတဲ့ ခရီးတွေက အခုတော်တော်လေး ကသီနေတယ်။ ရေအလွန်များနေရင် လမ်းခဏ ပိတ်ထားရတာတွေ ရှိနေတယ်။ အဲဒါကြောင့် ပြည်တွင်းရေကြောင်းက ရေလမ်းခရီးကနေ သွားလာရေး အဆင်ပြေစေဖို့အတွက် အခုလို တိုးချဲ့ဖို့လုပ်တာပါ။ အဓိကတော့ ကုန်စည်တွေပို့တာ၊ တင်တာ ကုန်းလမ်း၊ ရထားလမ်းက အရင်လို အဆင်မပြေနိုင်သေးသရွေ့ တိုးချဲ့ပေးသွားမှာ ဖြစ်ပါတယ်။ သတ်မှတ်ဈေးနှုန်း အတိုင်း ပြေးဆွဲပေး မှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဧရာဝတီတိုင်းဒေသ ကြီး အတွင်းသို့ ထပ်မံ၍ အရေးပေါ် ပြေးဆွဲရန်အတွက် ပြည်တွင်းရေကြောင်းတွင် ရေယာဉ်အစင်းရေ ၇၀ ရှိကာ ရေလမ်းခရီး သွားလာခြင်းအတွက် ရထားခရီးနှင့် မော်တော်ယာဉ် ခရီးလမ်းကြောင်း များအစား ပြေးဆွဲပေးမည် ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းပေး မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရေကြီးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အခြေခံပညာကျောင်း အချို့ကို ယာယီ ပိတ်ထားရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment