Friday 24 August 2012

ဗန်ပါစီကိုခေါ်ယူနိုင်ခဲ့ခြင်းအား ရိုင်ယန်ဂစ်ကျေနပ်နေ

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဝါရင့် ကစားသမားကြီး ရိုင်ယန်ဂစ်က မိမိတို့ အသင်းသည် ရော်ဘင် ဗန်ပါစီအား လက်တွေ့ ခေါ်ယူနိုင်ခဲ့ခြင်းဖြင့် အင်္ဂလန်၏ နံပါတ်(၁) အသင်းအဖြစ် ဆက်လက် သက်သေပြနိုင်ခဲ့ကြောင်း ပြောကြားလိုက်သည်။
ဝေလ ကွင်းလယ်ကစားသမားကြီး ဂစ်သည် မန်ယူအသင်းက ခါးသီးပြိုင် ဘက် အာဆင်နယ်၏ အသင်းခေါင်းဆောင်အား အရခေါ်ယူနိုင်ခဲ့ခြင်း ကို ကျေနပ်လျှက် ရှိသည်။
(၁၉၈၇)ခုနှစ် နောက်ပိုင်းတွင် အာဆင်နယ်မှ မန်ယူသို့ ပထမဆုံး ပြောင်းရွှေ့ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗန်ပါစီသည် အိုးလ်ထရက်ဖို့ဒ် သို့ ပေါင်စတာလင် (၂၂)သန်းဖြင့် ရောက်ရှိလာခဲ့သည်။ ဂစ်က ဗန်ပါစီအား စာချုပ်ဖြစ်ခဲ့ခြင်းသည် မန်ယူ၏ ထည်ဝါမှုကို သွယ်ဝိုက်၍ ပြသနိုင်ခဲ့ခြင်းဟု ကောက်ချက်ချခဲ့သည်။
"ဗန်ပါစီကို စာချုပ်လိုက်တာက ကိစ္စတစ်ခုကို မီးမောင်းထိုးပြလိုက်တာပါပဲ။ သူ့လိုမျိုး အထင်ကရ ကစားသမားတွေက မန်ယူမှာ လာကစားချင်တယ် ဆိုတာကို သိသာစေပါတယ်။ ကျွန်တော် ပြောတာက ဘက်လိုက်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေက မန်ယူလို အသင်းကို လာကစားဖို့ အမြဲတမ်း စိတ်အားထက်သန်လေ့ ရှိကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အသင်းဟာ ဆုဖလားတွေအတွက် အမြဲတမ်း စိန်ခေါ်နေနိုင်တယ် ဆိုတာကို အားလုံး သိကြတယ် မဟုတ်လား။ မန်ယူမှာ အကောင်းဆုံး အသင်းစိတ်ဓာတ်၊ အကောင်းဆုံး စီမံမှုနဲ့ အကောင်းဆုံး အထောက်အကူ ပစ္စည်းတွေ ရှိနေတာကြောင့်လည်း ကျွန်တော်တို့ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေနိုင်ဆဲပါ"ဟု ဂစ်က ပြောကြားသွားသည်။

No comments:

Post a Comment