Saturday 4 August 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ တွေ့ဆုံခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  နိုင်ငံရေးပါတီ ၁၄ပါတီတို့သည် သြဂုတ်လ ၄ရက်နေ့က
 နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် တက်ရောက်ခဲ့သူများမှာ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေနှင့် ဦးသိန်းထွန်း၊ ကရင်ပြည်သူ့ပါတီမှ ဦးစောထွန်း အောင်မြင့်၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊
 ခေတ်သစ်ပြည်သူ့ပါတီမှ ဦးထွန်းအောင်ကျော်၊ မွန်ဒီမိုကရေစီပါတီမှ ဦးမင်းကျော်ဝင်း၊ ဇိုမီးတိုင်းရင်းသားများ ကွန်ဂရက်ပါတီမှ ဦးတင်ခန်းလျန်၊ ချင်းတိုးတက်ရေးပါတီမှ ဦးလိုထန်းခက်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဦးကောင်းမြင့်ထွဋ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်မျိုးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးနေ၀င်းထွန်း၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှ ဦးတင်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။

''သမ္မတကြီး ပြောသွားတာကတော့ ကျွန်တော်တို့ရဲ့  အမျိုးသားဝင်ငွေကို ဒေါ်လာသုံးထောင် ဖြစ်စေချင်တယ်။  အဲဒါနဲ့ပတ်သက်လို့ဆက်စပ်နေတာကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပဲ။စီးပွားရေးပိတ်ဆို့မှုတွေရပ်တန့်မယ်။
 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ဖြစ်လာနိုင်မယ်။ဥပမာအားဖြင့်ကမ္ဘောဒီးယားမှာ အထည်ချုပ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူ ၂သိန်းလောက် အလုပ်အကိုင်ရကြတယ်။ အဲဒါလေးတွေ ပြောသွားတယ်'' ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူအမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က ပြောပါသည်။ 
 
ထို့ပြင်င်ငံတော်သမ္မတကနိုင်ငံရေးတည်ငြိမ်မှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်းလုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကလည်း အားလုံးပူးပေါင်းလုပ်ဆောင်ပြီးအကြံဥာဏ်များပးနိုင်ကြောင်း၊အဆိုပါအကြံဥာဏ်များ ကိုလည်း 
 လေးလေးနက်နက်ဖြင့် အစိုးရအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။ 
 
ထို့နောက် ဦးသိန်းညွန့်က ၎င်းတင်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်၍ ''ကျွန်တော် အဓိကတင်ပြတာကတော့ မီဒီယာတွေ ကိစ္စပါ။ လျှပ်တစ်ပြက်၊ The Voice  ဂျာနယ်တွေကို တရားစွဲတဲ့ ကိစ္စတွေနဲ့ အခု  The Voice  ဂျာနယ် နဲ့ Envoy  ဂျာနယ်တွေကို ပိတ်ပစ် တာမျိုးတွေပေါ့။ အဲဒါတွေက မဖြစ်သင့်ဘူး။ စတုတ္ထမဏ္ဍိုင်ကို သမ္မတကြီးက အသိအမှတ်ပြုထားတဲ့ အချိန်မှာ ဒီလိုလုပ်တာက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူမပြုတဲ့အပြင် ထိခိုက်နိုင်တယ်။ ဒါတွေကြောင့် ချက်ချင်း၊ အမြန်ဆုံးနဲ့ ဖြစ်နိုင်ရင် ပြုပြင်ပြောင်းလဲမှုအတွက် မဖြစ်သင့်တဲ့ တရားစွဲတာတွေကို ရပ်ဆိုင်းပေးဖို့၊ ပိတ်ထားတာတွေကို ပြန်ဖွင့်ပေးဖို့ အဲဒါတွေ ပြောခဲ့ပါတယ်။ သမ္မတကြီးက ပြန်ပြောတဲ့အခါမှာတော့ မီဒီယာတွေရဲ့ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုတယ်။ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်ခွင့်ကို ယူတဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ခံယူရမယ်။ တည်ငြိမ်မှု ကို မထိခိုက်စေဘဲနဲ့ နိုင်ငံတော် လုံခြုံရေးကို မထိခိုက်စေဘဲနဲ့ ဟန်ချက်ညီညီ လုပ်သွားမယ်ဆိုရင် မီဒီယာကိစ္စတွေဟာ ပြေလည်သွားမှာပါလို့
 ပြောခဲ့ပါတယ်'' ဟု ဦးသိန်းညွန့်က ပြောပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တက်ရောက်ခဲ့သူ ပါတီ ဒုတိယခေါင်းဆောင် ဦးစိုင်းညွန့်လွင်က ''ကျွန်တော်တို့က သုံးခု ဆွေးနွေးတယ်။ ပထမတစ်ချက်က နောင်လာမယ့်နှစ်တွေမှာ သန်းခေါင်စာရင်း ကောက်တဲ့အခါ အိမ်နီးချင်း နိုင်ငံတွေက လူမျိုးတွေ ခိုးဝင်နေတာ တွေရှိတယ်။ အဲဒီအချိန်မှာ ကောက်ရင် သူတို့က သန်းခေါင်စာရင်းထဲပါပြီး တိုင်းရင်းသားအစစ်တွေက ကျန်ခဲ့မှာကို စိတ်ပူတယ်။ အဲဒါကို ကာကွယ်ပေးဖို့နဲ့ အဲဒီအချိန်မှာ ပြည်ပရောက်နေတဲ့ သူတွေကို ပြန်လာခွင့်ပေးဖို့ပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကတော့ သမ္မတကြီးက အကာအကွယ်ပေးမယ်။ သန်းခေါင်စာရင်းကောက်တာ က မြန်တယ်။ ဒါပေမယ့် ပြင်ဆင်ရတာက များတယ်။ နည်းပညာ လိုတယ်။ နိုင်ငံခြားက အကူအညီတွေ လိုတယ်လို့ ပြောတယ်။ ဒုတိယ အချက်ကတော့ ရှမ်းပြည်နယ်မှာ ပြည်ထောင်စုအဆင့်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပေမယ့် ထိတွေ့မှုတွေ ရှိနေတယ်။ အဲဒါတွေမဖြစ်အောင် ကျွန်တော်တို့ကလည်း နိုင်တဲ့သူတွေကိုပြောမယ်။ သမ္မတကြီးဘက်ကလည်း ပြောပေးဖို့ပါ။ ဒါမှ ထာဝရငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်မယ်ပေါ့။ အဲဒါကိုတော့ သမ္မတကြီးက ပြောတာကို သူလက်ခံတယ်။ တချို့ကိစ္စတွေက အောက်ခြေကအဖွဲ့တွေက သဘောမပေါက်သေးလို့ ဒီလိုဖြစ်ရတာပါ။ သူဆောင်ရွက်ပေးပါ့မယ်လို့ ပြောသွားပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့တင်တာကတော့ တိုင်းရင်းသားစာပေကိစ္စပါ''ဟု ပြောပါသည်။
 
ယခု လွှတ်တော်တွင် တင်ထားသည့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့်အခါတွင် အချက်အလက် စုဆောင်းသူအဖြစ် ပါဝင်ခွင့်ရလိုကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း လွတ်လပ်သော ကော်မရှင်ဖြစ်စေရန် ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ပါဝင်ခြင်းမရှိစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးဦးက ပြောပါသည်။

တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတနှင့်အတူ စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ပါဝင် ခဲ့ကြောင်း သိရသည်။
 
ref:EMG

No comments:

Post a Comment