Saturday 4 August 2012

မီဒီယာ ဖိနှိပ်မှု ရပ်တန့်ရေး လက်မှတ် ရေးထိုးလှုပ်ရှားမှု ၌ ၈၈ မျိုးဆက် ကျောင်းသားများ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ သဘောထား အမြင်များ(၁)

ရှစ်လေးလုံး အရေးအခင်းမှာ ဒီမိုကရေစီ လူ့ဘောင်စနစ်သို့ သွားရန် အရေးကြီးသည့် အလှည့်ပြောင်း တစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အပြောင်းအလဲကို အဓိက ဦးဆောင်သည့် ပြည်ခိုင်ဖြိုး ပါတီအနေနှင့်မူ ရှစ်လေးလုံးကို ပြည်သူ အများစု အသိအမှတ်ပြုသကဲ့သို့ အသိအမှတ် ပြုနိုင်မည်မထင်ကြောင်း၊ သို့ဖြစ်၍ ဘုံသဘောတူညီမှု မရှိသည့် ၂၄ နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို အကြီးအကျယ်မပြုလုပ်သင့်ဟု ၎င်းအနေနှင့် ယူဆကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။
လက်ရှိ အမျိုးသား ရင်ကြားစေ့ရေးကို သွားနေချိန်မှာ အေးအေးချမ်းချမ်းဖြစ်ဖို့ အကျင့်ပျက် ခြစားမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ဦးစားပေး လုပ်စေချင်တယ်။ ကျွန်တော့အမြင်က ရှစ်လေးလုံးကို ဒီမိုကရေစီအလှည့်အပြောင်း လို့ယူဆပေမယ့် အစိုးရကဆူဆူပူပူလို့ ယူဆတယ် ဟု ၎င်း၏အမြင်ကိုပြော ဆိုသည်။

မီဒီယာဖိနှိပ်မှုရပ် လက်မှတ်ရေးထိုးစုဆောင်းခြင်းတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပါဝင်မှု နှင့်ပတ်သက်၍မူ ဦးရဲထွန်းက ဆန္ဒပြတောင်းဆိုသည့်အဆင့်ထိမသွားသင့်ဘဲ လွှတ်တော်ကော်မတီသို့တိုင်ကြား အကြောင်းကြားစာပေးပို့သင့်ကြောင်း၊ ၎င်းတို့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌကို တင်ပြပေးမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ကလည်းနိုင်ငံတော်သမ္မတသို့ သဝဏ်လွှာပေးပို့ကာ သမ္မတက အရေးယူဖြေရှင်း ပေးမည် သာဖြစ်ကြောင်း ပြောကြားသည်။

လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ မီဒီယာဥပဒေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုပြောတာမဟုတ်ဘူး။ ဒါဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်ကိုပြောတာ။ ဒီလိုမျိုး ပိတ်လိုက်တာဟာ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်တာလို့ မြင်တယ် ဟု ဦးခိုင်မောင်ရည်က မီဒီယာများအပေါ် စာပေစိစစ်ရေး၏ အရေးယူခြင်းနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုသည်။

မီဒီယာ လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံတွင်လိုအပ်ပြီး Media Law ပေါ်မည်၊ စာပေစိစစ်ရေးရုပ်သိမ်း မည်ဟု ပြောဆို သော်လည်း လက်ရှိတွင် ဂျာနယ်စာမျက်နှာများ၌ဖော်ပြသည့် သတင်းများကိုမကျေနပ်ပါက တိကျသောပုံစံမရှိဘဲ အထက်လူကြီးဟူသော အသုံးအနှုန်းသုံးကာ တရားစွဲခြင်း၊ ထုတ်ဝေခွင့် ပိတ်ခြင်းပြုခြင်းမှာ မီဒီယာလွတ်လပ်ခွင့်၊ စတုတ္ထမဏ္ဍိုင်ဟူသော ပြောဆိုချက်နှင့်ကွဲလွဲနေပြီး ဤနိုင်ငံ၌လုပ်ချင်ရာလုပ်နိုင်သည်ဆိုသောပုံစံရှိနေခြင်းသည် ထင်ရှားသောအချက်တစ်ခုဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။

သြဂုတ်လ ၄ ရက်နေ့က မီဒီယာဖိနှိပ်မှုရပ် လက်မှတ်ရေးထိုးမှု နှင့်၊ T Shirt Campaign မှာ အပတ်စဉ်ထုတ် ဂျာနယ်နှစ်စောင်ထုတ်ဝေခွင့်ပိတ်ခံရခြင်းနှင့်ပတ်သက်၍ ပြုလုပ်ခြင်းသာဖြစ်ပြီး နိုင်ငံတော်သမ္မတအထိ စာတင်သွားမည် ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများလာရောက်ပူးပေါင်းခြင်းနှင့် ရှစ်လေးလုံးနှစ်ပတ်လည်အရေးမှာ သီးခြားစီဖြစ်ပြီး ရှစ်လေးလုံးမှာ အထိမ်းအမှတ်နေ့တစ်ခုဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေးက ပြောဆိုသည်။

မီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုတာ။ သြဂုတ်လမို့လို့ လုပ်တာမဟုတ်ပါဘူး ဟု ၎င်းကဆိုသည်။
 

No comments:

Post a Comment