Friday, 12 December 2014

ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီး ဒီပါတီကို ထူထောင်တာ – ဦးအောင်မျိုးခိုင်

Photo: ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီး ဒီပါတီကို ထူထောင်တာ – ဦးအောင်မျိုးခိုင်
Friday, December 12, 2014

မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒနဲ့   အလုပ်သမားအရေး၊ လယ်သမားအရေး ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးခိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ပါတီ မှတ်ပုံတင်ကျသွားပြီလို့ သိရပါတယ်။ ဒီပါတီဟာ ဧရာဝတီတိုင်း တခုတည်းမှာပဲ စည်းရုံးလှုပ်ရှားမယ့် ပါတီလား၊ ဒါမှမဟုတ် တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီ လားဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဦးအောင်မျိုးခိုင်

ဦးအောင်မျိုးခိုင်

“ပြည်ထောင်စုတ၀ှမ်းလုံးမှာ ကျနော်တို့ စည်းရုံးရေးဆင်းပြီးတော့ တနိုင်ငံလုံးရဲ့  အကျိုး စီးပွားအတွက် ထူထောင်ထားတဲ့ ပါတီပါ။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အခြေစိုက်ပြီး ဗဟိုဌာနချုပ် ဖွင့်လှစ်ထားပါတယ်။ နိုင်ငံတ၀ှမ်းလုံး စည်းရုံးလှုပ်ရှားမယ့်ပါတီပါ။”

ပါတီရဲ့အမည်မှာ အလုပ်သမားနဲ့ လယ်သမားဆိုပြီး ထည့်မှည့်ထားတာ တွေ့ပါတယ်။ ဘာကြောင့်လဲ၊  ပါတီရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါရစေ။

“ယေဘုယျသဘောနဲ့ ပြောရရင်တော့ တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ အကျိုးစီးပွား အရပ်ရပ်ကို တတ်စွမ်းသလောက် ၀ိုင်းဝန်းပြီးတော့ ပါတီအနေနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဖွဲ့စည်းတာပါ။ ဒါပေမယ့် အခြေခံလူတန်းစား ၂ ရပ်ကို အခြေခံထားတယ်ဆိုတာက ကျနော်တို့နိုင်ငံရဲ့ အနေအထားနဲ့ လက်ရှိမှာ အားအနည်းဆုံးနဲ့ ဆင်းရဲနွမ်းပါးမှုလိုအပ်ချက်တွေ အများဆုံး ရှိနေတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေအတွက် ပမာဏအားဖြင့်လည်း အခြေခံအကျဆုံး လူတန်းစား ၂ ရပ်လည်း ဖြစ်တယ်။ နောက်တခါ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်ပေးရမယ့် အဓိက အင်ဂျင်လည်း ဖြစ်တဲ့အတွက် ဒီလူတန်းစား ၂ ရပ် ကို အခြေခံပြီးတော့ တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ အကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာပါ။”

နောက်တခါ ပါတီရဲ့မူဝါဒတွေက ဘာတွေလဲ ဆိုတာကိုရော အနှစ်ချုပ်ရှင်းပြပေးပါလား။

“ပါတီရဲ့ မူဝါဒအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ တင်ပြထားတာတော့ အချက်တွေ တော်တော်များတယ်။ အနှစ်ချုပ်ကတော့ စည်းကမ်းနဲ့ ပညာရည်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် အားကောင်းလာဖို့  ပြည်သူကို ဗဟိုပြုတဲ့ ပြည်ထောင်စုအစိုးရတရပ် ပေါ်ပေါက်လာဖို့ အတွက် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ကြရမယ်လို့ ယုံကြည်တဲ့အလျောက် တောင်သူလယ်သမားနဲ့ အလုပ်သမားများအားလုံးကို ကိုယ်စားပြုတဲ့ ပါတီတခုအဖြစ် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားမယ်။ ဒါက ပထမအချက်ပါ။”

“နောက်တချက်အနေနဲ့ ပွင့်လင်းမြင်သာသော လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး စနစ် တရားမျှတတဲ့ ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး အဲဒီမှာမှ လယ်ယာမြေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အလုပ်သမားရေးရာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အပါအ၀င် တရားမျှတတဲ့ ဥပဒေ စိုးမိုးရေးကိစ္စတွေမှာ ပါတီအနေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ မြင်တာတော့ တရားစီရင်ရေးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးစနစ် ရှိရမယ်။ အဲဒီစနစ်ကို အထောက်အကူ ပြုပေးမယ့် တရားမျှတတဲ့ ဥပဒေတွေပေါ် ထွန်းလာရမယ်။ ပေါ်ထွန်းလာတဲ့ ဥပဒေတွေကို ပြည်ထောင်စုတ၀ှမ်းလုံးမှာ လိုက်နာနိုင်အောင် ဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်သွားရမယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲပြီး မြင်ပါတယ်။”

“နောက်တခါ ထာဝရပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးမှာလည်း ကျနော်တို့ ပါတီအနေနဲ့ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သွားဖို့လည်း ရည်မှန်းထားပါတယ်။ နိုင်ငံရေးမူဝါဒ သဘောအရ တခြားသောအိမ်နီးချင်းနိုင်ငံတွေ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ ဘက်မလိုက်တဲ့ ငြိမ်းချမ်းတဲ့မူဝါဒလမ်းစဉ် ကျင့်သုံးသွားဖို့ ပြည်တွင်းမှာလည်း လက်ရှိ ဖြစ်နေတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာရှိတဲ့ ခက်ခဲကြမ်းတမ်းမှုတွေမှာလည်း ပြင်းထန်တဲ့ တဦးနဲ့တဦး မညီညွတ်တဲ့ တိုက်ခိုက်မှုမျိုးအစား အားလုံးအချင်းချင်းညှိနှိုင်းပြီးတော့ လက်တွဲဖော်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။”

မြန်မာပြည်မှာရှိတဲ့ ပါတီ ၇၀ လောက်ထဲမှာ အလုပ်သမားနဲ့ လယ်သမားပါတီဆိုပြီး မရှိသလောက် ရှားပါတယ်။ တောင်သူလယ်သမားပါတီတော့ ရှိတယ်။ အထူးသဖြင့် အလုပ်သမားပါတီဆိုပြီး မရှိသေးပါဘူး။ ခု ဦးအောင်မျိုးခိုင်တို့ ပါတီဟာ ပထမဆုံး အလုပ်သမား ပါတီလို့ ပြောလို့ ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့  ဘယ်လိုအရေးကိစ္စကို ပါတီအနေနဲ့ အဓိက ဦးစားပေးပြီးလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မြင်ပါသလဲ။

“လက်ရှိ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားတွေရဲ့ လူနေမှု၊ လူမှုစီးပွား၊ ပညာရေးနဲ့ ကျန်းမာရေး အစစအရာရာ ကျနော်တို့ ကြည့်တဲ့အခါမှာတော့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် ပိုပြီးတော့ ထင်သာမြင်သာရှိတယ်။ ကျနော်တို့ဆီမှာ သူတို့ရဲ့ လူမှုစီးပွားဘ၀ အနေအထားနဲ့ အများကြီးတော့ နိမ့်ကျနေတာ တွေ့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ရင်လည်း အလုပ်လက်မဲ့လူတန်းစား ရာခိုင်နှုန်းတချို့ ရှိသလို လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ထဲမှာလည်း သူတို့ရတဲ့ လုပ်ခလစာနဲ့ မပြေလည်နိုင်တဲ့ လူမှုဘ၀ကို မဖွံ့ဖြိုးနိုင်တဲ့ အနေအထား သွားတွေ့ရတယ်။ ပညာရေးအနေအထားနဲ့ ကြည့်ရင်လည်း ဒီအလုပ်သမားတွေအတွက်ကို နိုင်ငံတော်အပါအ၀င် အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကူညီဆောင်ရွက်ပေး နေတာ အတော်လေးအားနည်းတာ မြင်ရတယ်။ အဲဒီနေရာလေးတွေမှာ ကျနော်တို့ ၀င်ရောက် ဖြည့်ဆည်းပြီးတော့ တတ်နိုင်သရွေ့ မားမားမတ်မတ်ရပ်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော အစိုးရနဲ့ရော ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်။”

“ပြည်ပမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိန်းဂဏန်းအရ ၆ သန်းလောက်ရှိ တယ်လို့ သိရတယ်။ မြန်မာပြည်ကနေ တိုင်းတပါးမှာ ရွှေ့ပြောင်းပြီး အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေရဲ့ လူမှုဘ၀တွေ တခြားနိုင်ငံမှာ အနှိမ်ခံရတဲ့အပိုင်း တွေ့ရတာတွေ ရှိပါတယ်။ ဒီအရေးတွေမှာလည်း ကျနော်တို့ အလုပ်သမားကိုယ်စားပြုတဲ့ပါတီအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အိုင်အယ်လ်အိုတို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံး အမျှတဆုံးဖြစ်အောင် ကြိုးပမ်းမှာပါ။”

မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ တောင်သူလယ်သမားတွေအရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုကိစ္စကို ပထမ ဦးစားပေးတာဝန်အနေနဲ့ ဆောင်ရွက်သွားမှာပါလဲ။

“လယ်သမားရေးရာနဲ့ ပတ်သက်ပြီး လူမှုစီးပွားဘ၀တွေ နိမ့်ကျနေတယ်။ ပညာရေး၊ ကျန်း မာရေး နိမ့်ကျနေတယ်။ နောက်တခါ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးတွေလည်း အများကြီး ဆုံးရှုံးနေတာ တွေ့ရတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ မြေရှင်စနစ်ကြီး ကြီးစိုးနေတယ်လို့ မပြောသာလို့သာ ရှိရင်ရှိရမယ်။ မြေယာပိုင်ဆိုင်မှုအနေအထားနဲ့ ကြည့်ရင် တကယ်လယ်ယာ ထွန်ယက် စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်သမားတွေရဲ့ ရာခိုင်နှုန်းနဲ့ အခြား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြန်ကြည့်မယ်ဆိုရင် လယ်သမားတွေရဲ့ တိုက်ရိုက် လယ်မြေပိုင်ဆိုင်မှု ရာခိုင်နှုန်းက  ဒီထက်ပို ပိုင်ဆိုင်ခွင့်ရဖို့  တင်ပြ တောင်းဆိုဖို့ လိုအပ်လိမ့်မယ်လို့ မြင်တယ်။”

“နောက် သူတို့မှာ လိုအပ်နေတဲ့ နည်းပညာပိုင်းတွေဆိုလည်း ပံ့ပိုးပေးဖို့ အများကြီး လိုပါတယ်။ လယ်ယာသုံး စက်ကိရိယာတွေ ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် ကျနော်တို့ ဖြည့်ဆည်းပေးဖို့ ရှိပါတယ်။ နောက် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်အပိုင်းမှာ  လယ်သမားတွေဟာ  များသောအားဖြင့် လယ်တခါ စိုက်ဖို့အတွက် သူတို့မှာ ပြင်ပ ငွေရှင်ကြေးရှင် တွေဆီက ချေးရငှားရတာ ရှိတယ်။  အစိုးရက ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ် ချေးရတာ ရှိတယ်။ သူတို့မှာ ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့အခါကျတော့ အကြွေးသံသရာထဲမှာပဲ နစ်ပြီး ဘ၀တွေ မတိုးတက်နိုင်ဘူး။ ဒီလိုမျိုး စီးပွားရေးနိမ့်ကျမှုတွေကို ကျနော်တို့ လယ်သမားကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်း အဖြေရှာပြီး တောင်းဆိုသင့်တာ တောင်းဆို၊ ကိုယ်တိုင်ကူညီသင့်တာ ကူညီ၊ တရားမျှတမှု ကင်းဝေးနေတာတွေ့ရင်လည်း ပြန်လည် တည့်မတ်ပေးသွားမယ်။”

နောက်ထပ်မေးချင်တာက ပါတီအနေနဲ့ အရင်တုန်းကရော တောင်သူလယ်သမားအရေး အလုပ်သမားအရေး ဘာတွေဆောင်ရွက်ခဲ့တာ ရှိလဲ။ လတ်တလောရော သူတို့အတွက် ဘာတွေ ဆောင်ရွက်နေပါသလဲ။

“ကျနော်တို့ ပါတီကို စတင်ထူထောင်ပြီးတော့ ဒီဇင်ဘာ ၉ ရက်နေ့ကမှ မှတ်ပုံတင် ကျခဲ့တာပါ။ ပါတီ စတင်တည်ထောင်ခဲ့တဲ့ ပါတီဝင်တွေ အားလုံးဟာ အရင်တုန်းကတော့  လူမှုရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ ဒါပေမယ့် လူမှုရေး လုပ်ငန်းတွေလောက်နဲ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို အကျိုးပြုတဲ့အခါမှာ နယ်နိမိတ် ကျဉ်းမြောင်းနေတယ်ပေါ့နော်။ ကျနော်တို့ စိတ်ထဲမှာ စေတနာထက်သန်သလောက် လက်တွေ့မှာ လုပ်မပေးနိုင်တာ အများကြီးကြုံခဲ့ရတယ်။ ဒါ့ကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကျိုးပြုနိုင်တဲ့ နယ်နိမိတ်တခုကို သွားမယ်ဆိုပြီးတော့ နိုင်ငံရေးပါတီအနေနဲ့ ကျနော်တို့ မှတ်ပုံတင်ခဲ့ကြတာပါ။  အရင်တုန်းက လုပ်ခဲ့တာတော့ တောင်သူလယ်သမားနဲ့ ပတ်သက်ရင် ကျနော်ဆိုရင် စက်မှုအင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးခဲ့တဲ့အခါကျတော့ လယ်သမားတွေ အကျိုးရှိမယ့် လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေ တီထွင်ပေးတယ်။ ဖြန့်ဖြူးပေးမယ်။ နည်းပညာတွေ လိုက်ဟောပြောပေးတယ်။ ဒီလောက်ပဲ အကျိုးပြုလုပ်ငန်း အနေနဲ့ လုပ်နိုင်ခဲ့တယ်။”

ပါတီခေါင်းဆောင်တွေအနေနဲ့ရော အရင်တုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ နိုင်ငံရေး ပါတီတွေမှာ ပါဝင်ခဲ့ဖူးလား။ ပါတီကို ဘယ်သူတွေက ခေါင်းဆောင်သွားမှာပါလဲ။

“ကျနော်တို့က နိုင်ငံရေးပါတီ မဟုတ်တဲ့ လူမှုရေးလုပ်ငန်းတွေပဲ ဆောင်ရွက်ခဲ့ကြတာပါ။  ကျနော့်အနေနဲ့တော့ ခုမှ နိုင်ငံရေးပါတီတခုကို ပါဝင်ပြီး လှုပ်ရှားတာ ဖြစ်ပါတယ်။ အခုလက်ရှိ ကျနော်တို့ပါတီရဲ့ ပထမခေါင်းဆောင်အနေနဲ့ ကျနော် တာဝန်ယူပြီး စတင်ဆောင်ရွက်ပါတယ်။ ဒုတိယခေါင်းဆောင်အနေနဲ့ ဦးကိုကိုလွင် တာဝန်ယူပြီး မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ အခု မှတ်ပုံတင်ကျပြီးတဲ့နောက်မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ဖွဲ့စည်းဖို့ လျာထားပြင်ဆင်နေတာ ရှိပါတယ်။ ယာယီအနေနဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာအောင်ဖြိုး၊ အထွေထွေအတွင်းရေးမှူးအနေနဲ့  ကျနော်တာဝန်ယူပြီး စတင်ဖွဲ့စည်းမယ်။  မကြာခင်မှာ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးရင်  ဗဟိုအလုပ်အမှုဆောင် ၂၇ ဦးစာရင်းကို ထုတ်ပြန်ပေးမယ်။”

ပါတီရဲ့ အမာခံနယ်မြေတွေဟာ ဘယ်နေရာတွေဖြစ်မလဲ။ နောက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နှနေရာလောက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

“ကျနော်တို့ လက်ရှိ အမာခံနယ်မြေအနေနဲ့ ရွေးချယ်ထားတာတော့ ဧရာဝတီတိုင်း ဒေသကြီးကို အဓိက ရွေးချယ်ထားပါတယ်။ ဒုတိယအနေနဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းကို ရည်မှန်း ထားပါတယ်။ ကျနော်တို့ ပါတီဟာ အခုမှ စတည်ထောင်တာဆိုတဲ့ အခါကျတော့   ၂၀၁၅ မှာ ကျနော်တို့ ပါတီအနေနဲ့ ဘယ်နေနေရာလောက် ရွေးချယ်နိုင်မယ်ဆိုတဲ့ အနေအထားကို လောလောဆယ် ဆုံးဖြတ်လို့ မရသေးပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ၅ နေရာအထက်မှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။”

ပါတီနဲ့ပတ်သက်ပြီး တခြားဖြည့်စွက်ပြီး ပြောချင်တာများရှိပါသေးလား။

“ကျနော်တို့ပါတီအနေနဲ့တော့ ကျနော်တို့ရည်ရွယ်ချက်က ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တိုင်း ရင်းသား လူမျိုးတွေ အားလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အစစအရာရာသော အကျိုးစီးပွားအတွက်ကို ကျနော်တို့က ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီးတော့ ဒီပါတီကို ထူထောင်တာ ဖြစ်ပါတယ်။ ကျနော်တို့ ပါတီဝင်တွေအားလုံးဟာ ဒီပါတီကို ၀င်ရောက်ပြီးတာနဲ့ ဒီပါတီမှာ ၀င်ရောက်လှုပ်ရှားပြီဆိုတာနဲ့ ကျနော်တို့ကိုယ်ကျနော်တို့  မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကျေးကျွန်အဖြစ် ခံယူပြီးတော့ စွမ်းစွမ်းတမံ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ သန္နိဋ္ဌာန်မျိုး ကျနော်တို့မှာ ချမှတ်ပြီးသားပါ။”

DVB
မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ

Photo: V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ
Friday, December 12, 2014

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

“အာမခံမရတဲ့ အတွက် သုံးယောက်စလုံးကို အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ထွေ/အုပ်ကလည်း သူတို့ကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဖို့ ရှိတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲမှုး ဒုရဲမှူးကြီး ဝင်းကြည်က အတည်ပြု ပြောကြားသည်။

V.Gastro Bar မှ ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Phillips Geoffrey Blackwood တို့ကို သာသနာ ညှိုးနွမ်းစေမှုများ ဖြစ်သည့် ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅ (က) တို့ဖြင့် ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲစိုးမြင့်က တရားလိုပြုကာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

“လူကြီးတွေကတော့ ထိထိရောက်ရောက် တရားစွဲပါမယ်လို့ ပြောတယ်။ စောင့်ကြည့်ရမှာပေါ့။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာ၊ ခုက အခြားနိုင်ငံသားတွေက ဗုဒ္ဓဘာသာကို စော်ကားတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းကလည်း ဗုဒ္ဓဘာသာကို စော်ကားတာ အများကြီး ရှိနေတယ်။ အမျိုးဘာသာ သာသနာကို ချစ်တဲ့စိတ် ရှိတဲ့ သူတွေကတော့ နိုးကြားနေရမှာပေါ့” ဟု တရားခွင်သို့ လာရောက် စောင့်ကြည့်နေသည့် ဝံသာနု ရက္ခိတအဖွဲ့မှ အလုပ်အမှုဆောင် ဦးဝင်းသိန်းက ပြောဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် Buddha bar အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ကြော်ငြာထားခဲ့သည့် ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ V.Gastro Bar ကိုလည်း လုံခြုံရေးအင်အား ၁၀ ဦးကျော် ချထားကာ ယာယီပိတ်သိမ်းထားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဆိုင်ကို အရောင်းမြှင့်တင်ရေး ဖန်တီးရန်အတွက် ကြော်ငြာခဲ့ခြင်းသာ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

တရားစွဲဆိုခံရသူများက ရဲစခန်းတွင် ကနဦး ထွက်ဆိုချက် ပေးထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ရာ တရားလိုပြ သက်သေများကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားခွင်သို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

The Voice Weekly
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ဂွါတာနာမို အကျဉ်းစခန်းကို သမ္မတအိုဘားမားက ပိတ်တော့မည်ဖြစ်သော်လည်း အခက်အခဲများရှိနေဆဲဖြစ်

Photo: ဂွါတာနာမို အကျဉ်းစခန်းကို သမ္မတအိုဘားမားက ပိတ်တော့မည်ဖြစ်သော်လည်း အခက်အခဲများရှိနေဆဲဖြစ်
Friday, December 12, 2014

စီအိုင်အေအဖွဲ့ က လူသားမဆန်သည့် နှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းမှုများ ကျုးလွန်ရာ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် စစ်အကျဉ်းထောင်ကို အိမ်ဖြူတော်က ပိတ်သိမ်းရန် ဆောင်ရွက်နေပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သည် ဂွါတာနာမိုအကျဉ်းထောင်မှ ဖမ်းဆီးထားသူ ခြောက်ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့ လွဲအပ်မှုများကို ပြုလုပ်ခဲ့သည်။ သမ္မတအိုဘားမားက အကျဉ်းထောင်ပိတ်ပစ်နိုင်ရေး ရှေ့ တိုးလုပ်ဆောင်နေသော်လည်း ၎င်း၏ ရာထူးသက်တမ်းပြည့်ချိန် ဘဲဥပုံရုံးခန်းမှ ထွက်ခွာသွားရမည့်အချိန်တိုင်အောင် အကျဉ်းထောင်ပိတ်သိမ်းရေးအစီအစဉ်က အကောင်အထည် ပေါ်လာနိုင်ခြေ နည်းနေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ယင်းဂွါတာနာမိုအကျဉ်းထောင်မှ ထောင်သား ၁၉ ဦးကို လွတ်ပေးပြီးဖြစ်သည်။ "ဂွါတာနာမို အကျဉ်းထောင်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒက ရှင်းပါတယ်။ ဒီအကျဉ်းထောင် ဆက်ရှိနေတာက အမျိုးသားလုံခြုံရေး အတွက် အန္တရာယ်များတယ်။ ဒါကြောင့် ပိတ်ပစ်ရမှာပဲ ဖြစ်တယ်"ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။

"ကမ္ဘာ့ အမြင်မှာ ကျွန်တော်တို့ အပေါ် အဆိုးမြင်စေမယ့်အရာ၊ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့်အရာ၊ အကြမ်းဖက်စစ်သွေးကြွတွေ အတွက် အားသာမှုရစေမယ့် အရာဖြစ်နေတဲ့ အကျဉ်းစခန်းတစ်ခုအတွက် အမေရိကန်ပြည်သူတွေက တစ်နှစ်ကို ဒေါ်လာ သန်းရာနှင့်ချီပြီး ကုန်ကျခံနေရတာက မဖြစ်သင့်ဘူး"ဟု ၎င်းက ပြောခဲ့သည်။

ဂွါတာနာမိုအကျဉ်းစခန်းကို သမ္မတဂျော့ဒဗလျူဘု့ ရှ်လက်ထက် ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းတွင် သံသယရှိသူ အကြမ်းဖက်သမားများကို ဖမ်းဆီး ချုပ်နှောင်ထားရန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရားစွဲဆို စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခြင်းများနှင့် အချို့ အဖမ်းခံထားရသူများကို လူမဆန်သောနည်းလမ်းများဖြင့် စစ်ကြော မေးမြန်းခြင်းတို့ ဖြင့် အပြစ်ဆိုခံနေရသည့် အကျဉ်းထောင်လည်းဖြစ်သည်။

ယင်းအကျဉ်းထောင်တွင် စီအိုင်အေ၏ ညင်းပန်းနှိပ်စက်ကာ စစ်ကြောမေးမြန်းခဲ့သည့် အစီရင်ခံစာကို ဒီဇင်ဘာ ၉ရက်တွင် အထက်လွှတ်တော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အိုစမာဘင်လာဒင်၏ ညာလက်ရုံး ဖြစ်သည်ဟု စွပ်စွဲခံထားရသူ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအား နောက်ကွယ်က ကြိုးကိုင်ခဲ့သူများ ဖြစ်သည့် ခါလစ်ရှိတ်မိုဟာမတ်နှင့် အဘူဇူဘေဒတ်တို့ နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့သည့် သတင်းအချက်အလက်များကိုလည်း ဖော်ပြထားသည်။

Ref: AFP
Mizzima - News in Burmese
စီအိုင်အေအဖွဲ့ က လူသားမဆန်သည့် နှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းမှုများ ကျုးလွန်ရာ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် စစ်အကျဉ်းထောင်ကို အိမ်ဖြူတော်က ပိတ်သိမ်းရန် ဆောင်ရွက်နေပြီဖြစ် သည်။

အမေရိကန်တွင် အကြီးဆုံးဒေ၀ါလီခံခဲ့ရသည့်မြို့ အကြွေးပြန်ဆပ်နိုင်တော့မည်

Photo: အမေရိကန်တွင် အကြီးဆုံးဒေ၀ါလီခံခဲ့ရသည့်မြို့ အကြွေးပြန်ဆပ်နိုင်တော့မည်
Friday, December 12, 2014

အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာ အခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေ
လွတ်မြောက်တော့မယ်လို့ မြို့တော်အာဏာပိုင်တွေက ကြေညာပါတယ်။

တချိန်က အမေရိကန်နိုင်ငံရဲ့ စက်မှုမြို့တော် ဖြစ်ခဲ့တဲ့ ဒက်ထရွိုက်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ အကြွေးတင်ခဲ့ပြီး ဒေ၀ါ လီခံမြို့ကြီး အဖြစ် ကြေညာခဲ့ရတာပါ။

ဒါပေမယ့် မြို့တော်ဘဏ္ဍာရေး အခြေအနေကို ပြင်ဆင်နိုင်ခဲ့ပြီး လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာပြီလို့ မြို့တော် အရေးပေါ်ကယ်ဆယ်ရေးမန်နေဂျာ ကီးဗ် အွတ် (Kevyn Orr)က ကြေညာခဲ့တာပါ။

ဒါပေမယ့် ရှေ့ဆက် လုပ်ကိုင်စရာတွေကတော့ အများကြီး ကျန်သေး တယ်လို့ လည်း ပြောဆိုပါတယ်။ အခုတော့ မြို့တော်နေ ပြည်သူတွေ အတွက် အခြေခံဝန်ဆောင်မှုတွေကို ပြန်လည်ရရှိတော့မယ်လို့ ပြောဆိုပါတယ်။

ဒက်ထရွိုက်မြို့တော်က အငြိမ်းစားတွေ ပင်စင်ငွေတွေ ဖြတ်ခံထားရပြီး မြို့တော်ရဲ့ အထင်ကရ အနုပညာဌာနနဲ့ ဟော့ကီအားကစားကွင်းကိုလည်း စီးပွားဖြစ်ပြောင်းလဲ လုပ်ကိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာအခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေ လွတ်မြောက် တော့မယ်လို့ မြို့တော်အာဏာပိုင်တွေက ကြေညာပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်ရာထူးများအတွက် အရည်အချင်း ပြည့်မီသူ သုံးပုံနှစ်ပုံသာရှိ ဟုဆို

Photo: ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်ရာထူးများအတွက် အရည်အချင်း ပြည့်မီသူ သုံးပုံနှစ်ပုံသာရှိ ဟုဆို
Friday, December 12, 2014

ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်နေရာများ ရှိနေသော်လည်း အရည်အချင်း ပြည့် မီသည့်နည်းပြ၊ သရုပ်ပြ အားနည်းနေ၍ နေရာပြည့် ခန့်ထားနိုင်မည် မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ  က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာလစ်လပ်ပြီး လျှောက်ထားသူများထဲမှ အရည်အချင်း ပြည့်မီသူ ၁၀၀ ခန့်ပင်မပြည့်ဟု ၎င်းက ဆိုသည်။

အဆိုပါ လစ်လပ်နေရာများအတွက် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ခန့်အပ်မည့် စာရင်းထုတ်ပြန်ပေး သွားမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တိုင်းတွင် နည်းပြနှင့် သရုပ်ပြ ရာထူးအတွက် မိမိလျှောက်ထားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်သစ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စက်တင် ဘာလ ၁၇ ရက် မှ ၁၉ ရက်အထိ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

ယင်းစနစ် ကျင့်သုံးမည့် တက္ကသိုလ် တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက “ကိုယ်လျှောက်ချင်တဲ့
နေရာနဲ့ တစ်ပြိုင်နက်တည်း သုံးလေးခုမှာ လျှောက်ထားခွင့် ပြုထားတယ်။ သတ်မှတ် အရည်အချင်းပြည့်လို့ ခေါ်ယူမယ့် ဦးရေကတော့ ၁၀၀ တော့မပြည့်ဘူး” ဟု ပြောသည်။

အဆိုပါရာထူး လျှောက်ထားမှုကို အဆင့်မြင့်ပညာဦးစီးဌာန နှစ်ခုသို့ တိုက်ရိုက်လျှောက်ထားစေပြီး ထိုမှ နည်းပြ၊ သရုပ်ပြ လိုအပ်ချက် ပေါ်မူတည်၍ တက္ကသိုလ်များသို့ စေလွှတ်တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတာဝန်ကျ ရာနေရာတွင်သုံးနှစ်ဆက်တိုက်တာဝန် ထမ်းဆောင်စေပြီး နောက်ပြောင်းရွှေ့ရန် တင်ပြခွင့်ရှိသည့် စနစ်အစားအထက် ပါ ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်သို့ လျှောက်ထားနိုင်သည့်စနစ် စတင်ပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။

အဆိုပါစနစ်ကို နည်းပြ၊ သရုပ်ပြသစ်များခေါ်ယူရာတွင်လည်း ကျင့်သုံးမည် ဖြစ်သည်။ အဆိုပါစနစ်ကျင့် သုံးခြင်းနှင့် ပတ်သက်၍ ပုသိမ် တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဦးသန်းထိုက်အောင် က “အခုလို ပြောင်းလဲကျင့်သုံးတဲ့ စနစ်အရ ပါမောက္ခချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူက နည်းပြတို့ သရုပ်ပြတို့ရရှိမှာပဲ။ သူတို့ ရွေးချင်တဲ့ သူရွေးချယ်မှာပဲ။ ဘက်လိုက်မှု မရှိဘဲ ။ မျှတအောင် သေချာစိစစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် စနစ်ပြောင်းလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

နည်းပြနှင့် သရုပ်ပြရာထူးများအတွက် တက္ကသိုလ်တိုင်းတွင် အောက်တိုဘာလဆန်းက ခေါ်ယူခဲ့ပြီး ယင်းသို့ခေါ်ယူမည့် အချိန်မှစ၍ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်ကို ကျင့်သုံးခြင်း ဖြစ်သည်။

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနနှစ်ခု အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၁၆၈ ခုတွင် အဆိုပါစနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး လျှောက်ထားလိုသူများသည် အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက် လျှောက်လွှာပေးပို့ လျှောက်ထားနိုင်မည် ဖြစ်သည်။

အဆိုပါ နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားလိုပါက တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့များ ရရှိရမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုရမည် ဖြစ်သည်။

နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားနိုင်ရန် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ် ၁၈ခု၊ ဒဂုံတက္ကသိုလ်တွင် ၁၅ ခု၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဘာသာရပ် ၄ ခု၊ မော်လမြိုင် တက္ကသိုလ်တွင် ဘာသာရပ် ၁၀ ခု၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ၁၄ ခု၊ စစ်တွေ တက္ကသိုလ် ၁၀ ခု၊ ပြည် တက္ကသိုလ် ဘာသာရပ် ၁၂ ခု လျှောက်ထားခွင့် ပြုထားသည်။

Mizzima - News in Burmese 

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာ လစ်လပ်သော်လည်း အရည် အချင်းပြည့်မီသူ တစ်ရာခန့်ပင် မပြည့်ဟုဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာ လစ်လပ်သော်လည်း အရည် အချင်းပြည့်မီသူ တစ်ရာခန့်ပင် မပြည့်ဟုဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်နေရာများ ရှိနေသော်လည်း အရည်အချင်း ပြည့် မီသည့်နည်းပြ၊ သရုပ်ပြ အားနည်းနေ၍နေရာပြည့်ခန့်ထားနိုင်မည်မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ  က မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြင်ဆင်

Photo: ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြင်ဆင်
Friday, December 12, 2014

တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ တို့အကြားမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၅နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ MPC  ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCTနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၀န်ကြီးဦးအောင်မင်းကနေ ကမ်းလှမ်းလာတယ် လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကာလအတွင်း ၂၀၁၅နှစ်ဆန်းပိုင်း မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကနေ ဒီကနေ့မှာ ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော်တို့ အနေနဲ့တော့ စားပွဲဝိုင်းမှာ ဆွေးနွေးမယ့် နည်းကပဲ အဓိကပေါ့လေ။ နှစ်ဖက်အတွက် အကောင်းဆုံး နည်းအနေနဲ့ပဲ မျှော်လင့်ပါတယ်။  ဒီ့အတွက်လည်း ပြင်ဆင်နေကြတာ ဖြစ်တဲ့အတွက် ဒီနှစ်ပြီးအောင်ဆွေးနွေးရင်တော့ လာမယ့် နှစ်ဆန်းမှာ လက်မှတ်ထိုးပြီးတော့ Political Dialogue ကို ဖေဖော်ဝါရီ၊ မတ်လ လောက်မှာ ဆောင်ရွက်နိုင်လိမ့်မယ် အလုပ်အဖွဲ့အနေနဲ့ ဒါကိုပဲ ကြိုးစားနေပါတယ်။"

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေး အဆင်ပြေနိုင် ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ မတွေ့ဆုံမှီ ကာလအတွင်း လာမယ့် ဒီဇင်ဘာ(၁၃)ရက်နဲ့ (၁၄)ရက်မှာ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က တာဝန်ရှိသူ တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ကနေ ထိုင်းနိုင်ငံမှာ ထပ်မံတွေ့ဆုံ ညှိနှိုင်းသွားမယ်လို့လဲ သူကဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ ၀န်ကြီးဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မီတီအဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT)တို့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ၀န်ကြီး ဦးအောင်မင်းကနေ ကမ်းလှမ်း လာတယ် လို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က အကြီးတန်း အရာရှိ ဦးလှမောင်ရွှေ က အခုလို ပြောပါတယ်။

"ဝန်ကြီးဦးအောင်မင်းက UPWC ကို ဒီဇင်ဘာလ ၁၈၊ ၁၉၊ ၂၀တွေမှာ ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့  ရန်ကုန်မြို့က MPC မှာ ကျင်းပနိုင်ဖို့ အဆိုပြုထားပါတယ်။ NCCT နဲ့က ထိုင်းနိုင်ငံမှာ ၁၃နဲ့ ၁၄ မှာ လုပ်မယ်လို့ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ ၁၅ရက်နေ့မှာ အလွတ်သဘောပေါ့လေ NCCT ခေါင်းဆောင်တွေနဲ့ သွားပြီးတော့ တွေ့ပါမယ်။ တွေ့ပြီးတော့ သူတို့ရဲ့ဆုံးဖြတ်ထားတဲ့ ဟာတွေကို သွားယူပြီးတော့ ဝန်ကြီးဦးအောင်မင်းကို ပို့ဖို့ရှိပါတယ်။ သူတို့အနေနဲ့ ဆွေးနွေးပွဲလာဖို့ ဆုံးဖြတ်ရင်။ ဝန်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင်။"

နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးနေတဲ့ အပစ်ရပ်စာချုပ် မူကြမ်း ညှိနှိုင်းမှု(၉၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးလို့လဲ မြန်မာ့ ငြိမ်းချမ်းရေး စင်တာဘက်ကပြောပါတယ်။

တစ်ဆို့နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ နှစ်ဖက်လုံးက သဘော တူညီချက် ရရှိခဲ့ပေမဲ့လဲ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ NCCTဘက် ကပြင်ဆင် ရဦးမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောပါတယ်။

"MPC ဘက်က UPWC ကိုယ်စားပေါ့ဗျာ။ သူတို့ဖိတ်တာကတော့ ၁၇ရက်နေ့ရောက် ၁၈၊ ၁၉ပေါ့။ သို့သော် ကျနော်တို့က ဒီ တခြား လိုအပ်ချက်ကလေးတွေ ရှိနေတော့ ကျနော်တို့ စဉ်းစားပါဦးမယ်လို့ ပြောထားတာ ရှိတယ်။ အဖြေတော့ မပေးရသေးပါဘူး။"

အခုလိုနှစ်ဖက်အဖွဲ့တွေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေချိန်မှာဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ဘက်မှာတော့ တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။

ဒီဇင်ဘာလ(၈)ရက်ကနေ (၁၀)ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကျောက်မဲမြို့နယ်ဘက်မှာ မြန်မာ စစ်တပ် တပ်မ(၇၇) လက်အောက်ခံ တပ်ရင်းနဲ့ TNLA ခေါ် တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကေအိုင်အိုခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းနဲ့ ကိုးကန့်အဖွဲ့ စတဲ့ တပ်ပေါင်းစု အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ (PSLF)ခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ ဥက္ကဋ္ဌ တာအိုက်ဖုန်းကပြောပါတယ်။

နိုင်ငံရေးဆွေးနွေးနေဆဲကြားက အခုလို တိုက်ပွဲဖြစ်ပွါးနေတာဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ် မထိုးနိုင်သေးတဲ့ အခြေအနေတွေကြောင့် ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ အတွက်ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြော ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ကတော့ (၂၀၁၃)ခုနှစ် စက်တင်ဘာလ ကုန်ပိုင်း မှာမြန်မာငြိမ်းချမ်းရေး စင်တာရုံးမှာ  ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲကနေ လက်နက်ကိုင်အဖွဲ့ (၁၆) ဖွဲ့အနက် (၁၄)ဖွဲ့ နှင့် အပစ်ရပ်နိုင်ခဲ့ပြီး ကျန်တဲ့ KIO နဲ့ TNLA တို့ကိုလည်း မကြာခင် အပစ်ရပ်ဖို့ ဆက်လက် ဆောင်ရွက် မယ်လို့လဲ ပြောဆိုခဲ့ပေမဲ့ လက်ရှိမှာတော့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွါးနေဆဲ အခြေအနေမှာရှိနေပါတယ်။

VOA
တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ တို့အကြားမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၅နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ MPC  ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCTနဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၀န်ကြီးဦးအောင်မင်းကနေ ကမ်းလှမ်း လာတယ် လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း

Photo: ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း
Friday, December 12, 2014

နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင်အာဏာပိုင်တွေ စတင်ဝင်ရောက်ရှင်း လင်းခဲ့ကြပါတယ်။

_79655921_025073091-1ရဲတွေရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေးအလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်းခဲ့ကြတာပါ။

ဝင်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။

ရဲအင်အား ၇ ထောင်ကျော်က သုံးခဲ့ပြီး ရှင်းလင်းရေးကို နှောင့်ယှက်တားဆီးသူ၊ ဆက်ဆန္ဒပြနေသူတွေအားလုံးကို ဖမ်းဆီးမယ်လို့ ရဲမှူး Kwok Pak-chung က ဆန္ဒပြကျောင်းသားတွေကို သတိပေးထားပါတယ်။

နောက်ဆုံးအချိန်အထိ ရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ့် ဆန္ဒပြကျောင်းသား တချို့ လည်း ရှိခဲ့ပါတယ်။

အခုလို ရဲအင်အားသုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို ရှင်းလို့ရမှာဖြစ်ပေမယ့် ဟောင်ကောင် နိုင်ငံရေးပြဿနာကို ရှင်းလို့ မရကြောင်း အကျော်ကြားဆုံး ဟောင်ကောင်ဆန္ဒပြကျောင်းသားခေါင်းဆောင် Joshua Wong က ပြောဆိုခဲ့ပါတယ်။

ဒီရှင်းလင်းမှုကို အထင်ကရပညာရှင်အယောက် ၃၀ ပါ အဖွဲ့တဖွဲ့၊ လွတ်လပ်တဲ့ ဟောင်ကောင်ရဲစောင့်ကြည့်ရေးအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အနီးကပ်စောင့်ကြည့်ကြမှာဖြစ်ပါတယ်။

ဟောင်ကောင်မြို့လယ်ကို ၇၅ ရက်ကြာ သိမ်းပိုက်ဆန္ဒပြပွဲတွေဟာ ၁၉၈၉ တရုတ်ဒီမိုကရေစီဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်အစိုးရကို ထိပ်တိုက်စိန်ခေါ်မှုအရှိဆုံး ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။

၂ လခွဲကြာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၆၅၅ ဦး ဖမ်းဆီးခဲ့ရတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရဲလုံခြုံရေး ၁၂၉ ဦး ဒဏ်ရာရရှိတယ်လို့ ရဲက ကြေညာပေမယ့် ဆန္ဒပြသူ ဘယ် နှဦး ထိ ခိုက် ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ ရဲက ထုတ်ဖော်မပြောခဲ့ပါဘူး။

ဒီဗွီဘီ
နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင် အာ ဏာပိုင်တွေ စတင်ဝင်ရောက်ရှင်း လင်းခဲ့ကြပါတယ်။

တရုတ်တွင် နိုင်ငံပိုင်ကုမ္ပဏီ အကြီးအကဲ လာဘ်စားမှုကြောင့် သေဒဏ်ပေးခံရ

Photo: တရုတ်တွင် နိုင်ငံပိုင်ကုမ္ပဏီ အကြီးအကဲ လာဘ်စားမှုကြောင့် သေဒဏ်ပေးခံရ
Friday, December 12, 2014

တရုတ်နိုင်ငံတွင် ယွမ်သန်း ၄၀၀ နီးပါး လာဘ်စားမှုအပါအဝင် အကျင့်ပျက်ချစားမှုကြောင့် နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု၏ အကြီးအကဲဖြစ်သူ သေဒဏ်ပေးခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သူ၏သက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူ မှုများကို အပြင်းအထန် တိုက်ဖျက်လျှက် ရှိသည်။

သမ္မတ ရှီကျင့်ဖျင် အာဏာရခဲ့သည့် နှစ်နှစ်အတွင်း ကွန်မြူနစ်ပါတီသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေလျက် ရှိသည်။ သြဇာအာဏာ ကြီးမားခဲ့သည့် ဒုတိယ ပြည်တွင်း လုံခြုံရေး အကြီးအကဲဟောင်း ကျို့ ယောင်ကန်ကို ဖမ်းဆီး လိုက်ခြင်းဖြင့် ထိပ်တန်း အရာရှိကြီး တစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် စတင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သို့ သော်လည်း တရုတ်နိုင်ငံသည် ကျန်ကမ္ဘာနိုင်ငံများထက် လူများကို သေဒဏ်ပေးခြင်းပိုများကြောင်း လူအခွင့်အရေးအဖွဲ့ များက ပြောပြီး အကျင့်ပျက် လာဘ်စားသည့် အရာရှိများကို နောက်ဆုံးပြစ်ဒဏ်ပေးခြင်းမျိုး ကလည်း ရှားရှားပါးပါးပင်ဖြစ်ကြောင်း ဆိုသည်။

ဘိုင်ယွန်စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာဟောင်း ကျန်ရှင်းဟွာကို ကွမ်ကျို့ မြို့ တရားရုံးက လာဘ်စားမှု၊ အလွဲသုံးစားပြုမှုတို့ ဖြင့် ဒီဇင်ဘာ ၁၀ရက်က သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ကျန်သည် ၂၀၀၃ ခုနှစ်မှ စကာ ကုမ္မဏီပိုက်ဆံ ယွမ်သန်း ၂၈၀ ကျော်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဆင်ဟွာက ဖော်ပြသည်။

ထိုပြင် ကျန်သည် အမျိုးမျိုးသော ကဏ္ဍများတွင်လည်း ယွမ် သန်း ၉၅သန်းဝန်းကျင် လာဘ်စားမှုများ ကျုးလွန်ခဲ့ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။ ကျန်နှင့်အတူ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနတစ်ခုဖြစ်သည့် အမျိုးသားဖွံ့ ဖြိုး မှုနှင့် ပြန်လည် ထူထောင်ရေးကော်မရှင်မှ လက်ထောက်ဥက္ကဌ လျို့ရှဲ့နန်ကိုလည်း တစ်နေ့ တည်းတွင်ပင် လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်

Ref: AFP
Mizzima - News in Burmese
တရုတ်နိုင်ငံတွင် ယွမ်သန်း ၄၀၀ နီးပါး လာဘ်စားမှုအပါအဝင် အကျင့်ပျက်ချစားမှုကြောင့် နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု ၏ အကြီးအကဲဖြစ်သူ သေဒဏ်ပေးခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို

Photo: မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို
Friday, December 12, 2014

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများအငြင်းပွားရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရားမျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဇုက္ကနိကျေးရွာနေ တောင်သူများဖြစ်သည့် ကိုစိန်ဝင်းနိုင်၊ ကိုမောင်ထွေး၊ ကိုအေးသိန်း၊ ကိုမြင့်စိုး၊ ကိုခင်မောင်ဇင်နှင့် ကိုဌေးလှိုင်တို့မှာ ဘိုဘွားပိုင်လယ်ယာမြေများနှင့် ယင်းတို့ပိုင်လယ်ယာမြေများပေါ်တွင် ပိုင်ဆိုင်မှု အငြင်းပွားနေလျက်ရှိပြီး ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုပေါင်း ၁ဝ ခုကျော် တရားဆွဲဆိုထားခြင်း ခံခဲ့ရကြောင်း၊ ယင်းတို့ပိုင်ဆိုင်ကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးနိုင်ပါရန် စာရွက်စာတမ်းသက်သေများနှင့်တကွ အဆင့်ဆင့်တင်ပြကြသော်လည်း တရားစွဲဆိုမှုများ ဆက်လက်ရင်ဆိုင်နေရသောကြောင့် ယင်းတို့၏ လယ်ယာမြေပြဿနာများကို တရားမျှတစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်မှ ဖြေရှင်းပေးပါရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ မနေ့က ည ၆ နာရီလောက်ကတည်းက (ဒီဇင်ဘာ ၁ဝရက်) ပုသိမ်မြို့ကို ရောက်တာပါ။ မင်းကြီးနဲ့ တွေ့ခွင့်ရဖို့ဖုန်းဆက်ပြီးတော့ ခွင့်တောင်းပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ တွေ့မယ်ဆိုပြီး မတွေ့ ရဘူး။ ဒါကြောင့် မင်းကြီးနဲ့ မတွေ့မချင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်မယ်လို့ဆုံးဖြတ်ပြီး ရွှေမုဌောဘုရားပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဘုရားပေါ်ကနေ ည ၆ နာရီလောက်ကျတော့ အစိုးရအဖွဲ့ရုံးရှေ့တံခါးမှာ မင်းကြီးနဲ့ တွေ့ချင်ကြောင်း ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ တောင်းဆိုနေတုန်းမှာ အထဲကအစောင့်တွေ ထွက်လာပြီး ဆန္ဒမပြနဲ့တော့ မနက်ဖြန် မနက် ၁ဝ နာရီမှာ မင်းကြီးနဲ့ တွေ့ခွင့်ပေးမယ်။ အခု ဘုန်းကြီးကျောင်းမှာသွားတည်းနေပါလို့ပြောပါတယ်။ ကျွန်တော်တို့ကတော့ အခု မတရားတဲ့အမှုတွေ ကို မပြေလည်မချင်း မော်ကျွန်းကို မပြန်ပါဘူး”ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူတစ်ဦးဖြစ်သူ ကိုဌေးလှိုင်က ပြောပြသည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှ  ဒီဇင်ဘာ ၁၁ ရက်တွင် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံးတွင် အစစ်ဆေးခံရမည်ဖြစ်ပြီး တရားရုံးတွင် အာမခံပေးရန် ငွေကြေးမတတ်နိုင်ခြင်းများကြောင့် ယခုကဲ့သို့ လာရောက်တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ရုံးချိန်းရှိတယ်။ ကျွန်တော်တို့ အမှုအားလုံးကို အာမခံဖို့ဆို လူ ၅ဝ ကျော်လောက်လိုတယ်တဲ့။ လူတင် မဟုတ်ဘူး။ အာမခံတင်ဖို့ ငွေကြေးလည်း မတတ်နိုင်ပါဘူး။ ဒါကြောင့် အခုလိုလာရောက် တောင်းဆိုရတာပါ။ မဟုတ်ရင် အဖမ်းခံရတော့မယ်။ အမှုကိစ္စတွေ တရားမျှတစွာ မဖြစ်မချင်းမပြန်ပါဘူး။ ကျွန်တော်ဆိုရင် ပုံစံ(၇)ပါ ရပြီးသားပါ။ ဒါကို တရားစွဲဆိုခံရတာပါ။ အောက်ခြေမှာဖြေရှင်းလို့လည်း မထူးဘူးဖြစ်နေတယ်။ မတရားလုပ်ခံရတာချည်းပဲ။ ဒါ့ကြောင့် အခုလိုလုပ်တာပါ”ဟု တောင်သူတစ်ဦးဖြစ်သူ ကိုစိန်ဝင်းနိုင်ကပြောကြားသည်။

အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှာ လက်ရှိအချိန်တွင် ပုသိမ်မြို့တိုက်ကြီးဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခိုလျက်ရှိပြီး ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီအထိ အစားအသောက်များ စားသောက်ခြင်းမရှိသေးကြောင်း သိရသည်။

Eleven Media Group 

အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် တောင်သူများအား တွေ့ရစဉ်
အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် တောင်သူများအား တွေ့ရစဉ်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများအငြင်းပွား ရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရား မျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော် နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး

Photo: ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး
Friday, December 12, 2014

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဒေသခံတောင်သူတွေကြား မြေယာပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိထားပေမယ့် ဒီကနေ့ထိ သွားရောက်စစ်ဆေးပေးနိုင်ခြင်းမရှိဘူးလို့  မြေသိမ်းမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တခုဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ရရှိမှာသာ သွားရောက်စစ်ဆေးပေးနိုင် မယ်လို့ ရှမ်း နဲ့ ကယားပြည်နယ် မြေယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မ ရှင်ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က  ဒီဗွီဘီကို ပြောပါတယ်။

“တောင်ကြီးမှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က မြေယာ သိမ်းယူထားတယ်ဆိုတဲ့ တိုင်းကြားချက်စာတွေ ကျနော်တို့ လက်ခံရရှိပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း ရှမ်းပြည် နယ်အစိုးရအဖွဲ့ကိုရော၊ နေပြည်တော်က မြေသိမ်းမှုစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနဲ့ သမ္မတဆီကိုပါ စာတွေပို့ထားပြီးပါပြီ။ ဒါပေမယ့် ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ကျနော်တို့က ကာကွယ်ရေးဝန်ကြီးဌာနဆီကနေ တဆင့်ခွင့်တောင်းရပါတယ်။ သူတို့က ခွင့်ပြုမှ သွားကြည့်ရပါမယ်။ သက်ဆိုင်ရာလုံခြုံရေးအရာရှိတွေရဲ့ ခွင့်ပြုချက်လည်း ရမှ သွားလို့ရပါတယ်။ ဒါကြောင့် ပီအန်အိုနဲ့ ပတ်သက်တဲ့ အမှုတွဲ တခုမှ မစစ်ဆေးနိုင်သေးပါဘူး။”

သူတို့ လက်ခံရရှိထားတဲ့ တိုင်စာအရ ပီအန်အိုက သိမ်းယူထားတယ်လို့ ယူဆရတဲ့  မြေဧကပေါင်း ၃ ထောင်ကျော်ရှိကြောင်း၊ ဒေသခံတွေက နှုတ်နဲ့သာပြောဆိုပြီး စာမပို့ရသေးတဲ့ အခြားမြေဧရိယာတွေလည်း နောက်ထပ်ရှိသေးတယ်လို့  ဆိုပါတယ်။

တောင်ကြီးခရိုင်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေတွေလည်း ရှိနေပြီး လာမယ့် အပတ်ကျရင် ဟဲဟိုးမြို့နယ်နဲ့ အောင်ပန်းမြို့နယ်ထဲမှာ စစ်တပ်က သိမ်းထားတယ်ဆိုတဲ့ မြေယာတွေ သွားရောက်စစ်ဆေးဖို့ရှိတယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

တောင်ကြီးခရီုင်အတွင်း  ပီအန်အို အမျိုးသားအဖွဲ့ချုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကနေ့ ကနေ့အထိ ဆက်လက်သိမ်းယူနေတဲ့ မြေဧကပေါင်း ၁ သောင်းကျော်ရှိပြီး ၁ ထောင်ကျော်လောက်သာ ပြန်ပေးတဲ့အတွက် ဒေသခံတောင်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စီတန်းလည့်လည်ဆန္ဒပြခဲ့ပါတယ်။

တောင်ကြီးမြို့တောင်ဘက် ရွာပေါင်း ၈ ရွာက အသိမ်းခံရတဲ့ မြေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပီအန်အို တာဝန်ရှိသူ ၂ ဦးနဲ့ ရွာသားကိုယ်စားလှယ် ၈ ဦးတို့ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် ပီအန်အိုဘက်က ပြန်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့  မြေသိမ်းခံတောင်သူ ဦးမောင်အေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရွာသားပေါင်း ၂၁၅ ဦးပိုင်တဲ့ မြေဧက ၁၇၀၀  ပြန်ရဖို့ စက်တင်ဘာလက စာတင်တယ်။ ဒီလ ၄ ရက်နေ့က မြို့နယ်ထွေအုပ်ရုံးမှာ သွားညှိကြတယ်။ ပီအန်အိုကိုယ်စားလှယ် ဗိုလ်မှူး  ခွန်ဖိုးဆောင် ဆိုသူက သူတို့က မြေလွတ်မြေရိုင်းတွေပဲယူတာ၊ ရွာသားပိုင်မြေတွေ မသိမ်းရဘူး၊  အဲဒီတော့ မပေးနိုင်ဘူးလို့ ပြောသွားတယ်၊ ၁၀ မိနစ်လောက်ပဲ လာတွေ့ပြီး ပြန်သွားတယ်။”

ပီအန်အို အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်လာကတော့ ရွာသားတွေမှာ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ ရပ်ရွာထဲက သမာသမတ်ရှိတဲ့ လူကြီးသူမတွေ ထောက်ခံပေးတယ်ဆိုရင် ပြန်ပေးတယ်လို့ ပြောပါတယ်။

“တချို့မြေတွေက ကျနော်တို့ အမျိုးသားအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က လျာထားတာ။ အဲဒီမြေပေါ်မှာ ကျနော်တို့ စိုက်ပျိုးရေးလုပ်တယ်။ တချို့ကို ရွာသားတွေကို ပေးလုပ်တယ်၊ အဲဒါကို မြေသိမ်းတယ်လို့ မခေါ်ဘူး။ ဒါပေမယ့် သူတို့က နေလာတာကြာတော့ သူတို့မြေလို့ တောင်းဆိုလာကြတော့ မျှတမှုမရှိဘူး။ သူတို့မှာ ပိုင်ဆိုင် တဲ့ အထောက်အထားလည်း မပြနိုင်ဘူး၊ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ လုပ်နေတာကို သူ့မြေပါလို့ ပြောလာတော့ ကျနော်တို့မှာ ပေးဖို့အခက်အခဲရှိတယ်။”

ရွာသားတွေကတော့ မြေယာပြန်ရရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး နောက်ထပ် ဆန္ဒပြပွဲလုပ်ဖို့လည်း ဆွေးနွေးတိုင်ပင်နေတယ်လို့ ရွာသားတွေကို ဥပဒေလမ်းကြောင်းအရ အကြံပေးနေတဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်းစိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ  နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

DVB 

ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi)
ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi) 
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဒေသခံတောင်သူတွေကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိထားပေမယ့် ဒီကနေ့ထိ သွားရောက် စစ်ဆေးပေးနိုင်ခြင်းမရှိဘူးလို့  မြေသိမ်းမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို

Photo: CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို
Friday, December 12, 2014

၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဒီလိုနည်းလမ်းတွေကြောင့် အလွန်အသုံးဝင်တဲ့ သတင်းအချက်လက်တွေ ရရှိခဲ့ပြီး တိုင်းပြည်ကို ထပ်မံ တိုက်ခိုက်မှုတွေ မခံရအောင် ကာကွယ်နိုင်ခဲ့သလို အယ်လ်ကိုင်ဒါး အကြမ်းဖက်သမားတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ CIA ညွှန်ကြားရေးမှုး John Brannan က ဒေသစံတော်ချိန် ကြာသာပတေးနေ့ နေ့ခင်းပိုင်းက CIA ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော်က အခုသတင်းပတ်အတွင်း ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောထားတဲ့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတဲ့ နည်းစနစ်တွေက ထောက်လှမ်းရေးအတွက် အချိန်ကုန်တာပဲရှိတယ်လို့ ဆိုတဲ့အချက်ကို သူက ငြင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ တချို့ CIA ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ ခွင့်ပြုထားတာထက် ကျော်လွန်တာတွေရှိကြောင်း သူက အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ အပြီး လူပေါင်း သုံးထောင်နီးပါး သေဆုံးခဲ့ရပြီးနောက် CIA အဖွဲ့ဝင်တွေရဲ့ စုံစမ်းထောက်လှမ်း လုပ်ဆောင်ခဲ့မှု အများစုကို သူ့အနေနဲ့ ချီးကျူးကြောင်း ပြောပါတယ်။

ကျနော်တို့နိုင်ငံအကျိုး အတွက် လုပ်ခိုင်းတာ မှန်သမျှကို သူတို့လုပ်ဆောင်ခဲ့ကြ တယ်လို့ မစ္စတာ Brennan ကပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄)
(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄) 
၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်ဆန္ဒပြသူ များ၏ အဓိက သပိတ်စခန်း တစ်ခုကို အာဏာပိုင်များ စတင်ဖျက်သိမ်း

Photo: ဟောင်ကောင်ဆန္ဒပြသူ များ၏ အဓိက သပိတ်စခန်း တစ်ခုကို အာဏာပိုင်များ စတင်ဖျက်သိမ်း
Friday, December 12, 2014

ဟောင်ကောင်ဒေသရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ၏ အဓိက သပိတ်စခန်းတစ်ခုဖြစ် သည့် ရေတပ် ဦးစီးဌာန သပိတ်စခန်းကို အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်က စတင်ဖျက်သိမ်းခဲ့သည်။

ဟောင်ကောင်တွင် ရွေးကောက်ပွဲများကို လွတ်လပ်စွာကျင်းပခွင့်ရရေးအတွက် ဆန္ဒြုပသူများက အဓိက လမ်းမကြီးများတွင် သပိတ်စခန်း များ ဖွင့်၍ နှစ်လကျော်ကြာ တောင်းဆိုနေခဲ့ကြသော်လည်း ယခုအခါ အာဏာပိုင်များက အဓိကသပိတ်စခန်းများကို လိုက်လံဖျက်သိမ်းနေ ပြီဖြစ်သည်။ လုပ်သားများစွာသည် အဆိုပါ သပိတ်စခန်း၏ အဆုံးတစ်ဖက်ရှိ အတားအဆီးများကို စတင်ဖျက်သိမ်းခဲ့ပြီး ကျန်ရှိသည့် ဘက်ခြမ်းကိုလည်း ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

သပိတ်စခန်းရှိ အကာအရံများကို လုပ်သားများက ဖျက်သိမ်းနေစဉ် ရဲများလည်း အနီးတွင် စောင့်ကြပ်နေခဲ့ကြသည်။ “သပိတ်စခန်း ဖျက်သိမ်းဖို့ ထုတ်ထားတဲ့ တရားရုံးအမိန့်ကို လူတိုင်းက လိုက်နာပေးပြီး ချက်ချင်း ထွက်ခွာပေးသင့်ပါတယ်” ဟု တရားရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခု ရှင်းလင်းမှုများကို တားဆီးသူများသည် တရားရုံးအမိန့်ကို မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးခံရမည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းက သတိပေးခဲ့သည်။ သပိတ်ဧရိယာအတွင်းမှ ထွက်ခွာရန် ငြင်းဆန်သူများကိုလည်း ဖမ်းဆီးမည်ဟု ရဲများက ပြောကြား ခဲ့သေးသည်။

ဆန္ဒပြသမားအများစုသည် စခန်းအတွင်းရှိ ခေါင်းအုံးများ၊ စောင်များ နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ထုတ်ပိုး၍ စခန်းအတွင်းမှ ထွက်ရန် ပြင်ဆင် ခဲ့ကြချိန်ပြီး အစောပိုင်းကာလက ခုခံတားဆီးမှုအနည်းငယ် ဖြစ်ပွားခဲ့သေးသည်။“ ကျွန်တော့် သူငယ်ချင်းတချို့က ဆက်နေဖို့ လုပ်နေပေ မယ့် ကျွန်တော်ကတော့ ထွက်လာခဲ့ပါပြီ“ ဟု အသက် ၂၀ အရွယ် ဆန္ဒပြကျောင်းသား တစ်ဦးဖြစ်သည့် လူစီတန်ကပြောသည်။

ဆန္ဒပြမှုများသည်  ဗြိတိန်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသကို ဒီမိုကရေစီ လှုပ်ရှားမှုတစ်ခုအဖြစ် အသက်သွင်းပေး လိုက်ခြင်းပင်ဖြစ်သည်ဟု ဆန္ဒပြသူအချို့ကပြောသည်။ “ ဒီလှုပ်ရှားမှုက ဒေသကို နိုးထစေခဲ့ပါတယ်၊ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ သူတွေက ခုဆိုရင် အဖမ်းခံရမှာကိုလည်း မကြောက်ကြတော့ပါဘူး၊ အထူးသဖြင့် လူငယ်တွေပေါ့” ဟု အလုပ်သမားပါတီမှ လီချွန်ယန် က ပြောသည်။

ဟောင်ကောင် ကျောင်းသားများ အဖွဲ့ချုပ် HKFS ၏ ခေါင်းဆောင် အဲလက်စ် ချိုးက ၎င်းတို့ ကျောင်းသားခေါင်းဆောင်များသည် သပိတ်စခန်းများတွင် ဆက်နေမည်ဖြစ်ပြီး ရဲများကို ခုခံသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ရဲတွေက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ကျွန်တော်တို့အစိုးရက ဘယ်လိုအစိုးရလဲဆိုတာ ကမ္ဘာက သိပါလိမ့်မယ်” ဟု ချိုးက ပြောကြားခဲ့သည်။ ယခု ထွက်ခွာသွားသော ဆန္ဒပြသမားများက လမ်းများတွင် ပြန်လည်၍ သပိတ်စခန်းများ ဖွင့်လှစ်ခြင်း မပြုလုပ်နိုင်ရန် အာဏာပိုင်များက အဆင်သင့်ရှိနေမည် ဟု သိရသည်။

Ref: AFP, Reuters
Mizzima - News in Burmese 

ဟောင်ကောင် အက်မာရတီအရပ်ရှိ ဆန္ဒပြစခန်းဟောင်း တစ်နေရာ။ ဓာတ်ပုံ - AFP
ဟောင်ကောင် အက်မာရတီအရပ်ရှိ ဆန္ဒပြစခန်းဟောင်း တစ်နေရာ။ ဓာတ်ပုံ - AFP
ဟောင်ကောင်ဒေသရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ၏ အဓိကသပိတ်စခန်းတစ်ခုဖြစ်သည့် ရေတပ် ဦးစီးဌာန သပိတ်စခန်းကို အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်က စတင်ဖျက်သိမ်းခဲ့သည်။

Thursday, 11 December 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်

Photo: ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်
Thursday, December 11, 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Retinoblastoma လို့ခေါ်တဲ့ သေစေနိုင်တဲ့ မျက်စိကင်ဆာရောဂါဟာ ကလေးငယ်တွေမှာသာ အဓိက ဖြစ်ပွားတာဖြစ်ပါတယ်။ ထိုရောဂါဟာ လျင်မြန်စွာ ကြီးထွားလာနိုင်ပြီး အချိန်မီကုသ နိုင်မှသာ ကလေးငယ်ရဲ့ အသက်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Childhood Eye Cancer Trust အဖွဲ့က စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာနဲ့ ရောဂါရှိမရှိ သိနိုင်ရန် စစ်ဆေးဖို့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ မျက်လုံးကို ကင်မရာရဲ့ ဖလက်ရှ် စနစ် ကို အသုံးပြုပြီး ဓါတ်ပုံ ရိုက်ကူးလိုက်ပါက မျက်စိရဲ့ အမည်းရောင်ရှိတဲ့ နေရာတွေမှာ အဖြူရောင်အဖြစ်ပေါ်လာပါက Retinoblastoma  လို့ခေါ်တဲ့ ကလေးသူငယ် မျက်စိ ကင်ဆာရောဂါ ရှိနေပြီလို့ဆိုနိုင်မှာ ဖြစ်ပါတယ်။

ထို အစီအစဉ်ကို ခွဲစိတ်ဆေးခန်းတွေနဲ့ ကလေးဆေးခန်းတွေမှာ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ Retinoblastoma ဟာ ကြုံတောင့်ကြုံခဲရောဂါတစ်ခု ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ တစ်နှစ်ကို ကလေး အယောက် ၄၀ ကနေ ၅၀ အထိ ဖြစ်ပွားနေပါတယ်။ ထိုရောဂါ ရှိနေကြောင်း အချိန်မီ သိရပါက လေဆာ ကုထုံးနဲ့ ကုသနိုင်ပေမယ့် ရောဂါကြီးထွားလာမှ သိရပါက ဓါတု ကုထုံးများ ၊ ရေဒီယို ကုထုံးများ နဲ့ ခွဲစိတ်မှုတွေ အထိ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Ref:mirror.co.uk 
Trend Myanmar
ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည် စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ဘတ်စ်များ ပြေးဆွဲမည်

ခရီးသွားပြည်သူများ စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ယာဉ်များကို တညင်းကုန်း မှတ်တိုင်မှ ဆူးလေ (မြို့တော်ခန်းမဘေး) မှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသော ၄၅ ခရီးသည်တင်ယာဉ်တွင် တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း Air-Con ခရီးသယ်တင်ယာဉ် ပိုင်ရှင် ဦးတရုတ်လေးက The Voice သို့ ပြောကြားသည်။

မြန်အောင် သုံးဆယ်ကျွန်းကျေးရွာ စာသင်ကျောင်း လိုအပ်နေ

Photo: မြန်အောင် သုံးဆယ်ကျွန်းကျေးရွာ စာသင်ကျောင်း လိုအပ်နေ
Thursday, December 11, 2014

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သုံးဆယ်ကျွန်းရွာမှာ စာသင်ကျောင်း မြစ်ကမ်းပါး ပြိုတဲ့အထဲ ပါသွားလို့ ကျေးရွာမှာ စာသင်ကျောင်း မရှိဘဲ ဖြစ်နေပါတယ်။

မြန်အောင်မြို့နယ် သုံးဆယ်ကျွန်း အမှတ် ၂ ရွာမှာ စာသင်ကျောင်း မရှိတာကြောင့် ကလေးတွေဟာ ၂ မိုင်လောက်ဝေးတဲ့ သုံးဆယ်ကျွန်း အမှတ် ၁ ရွာက ကျောင်းကို သွားတက်နေရလို့ သူတို့ရွာမှာ စာသင်ကျောင်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

poor schoolသုံးဆယ်ကျွန်းရွာသား ကိုမြင့်အောင်က “ကျနော်တို့ ကျေးရွာမှာ ကျောင်းသားတွေ အခက်အခဲ ဖြစ်နေတာက မိုးရာသီ ရောက်ရှိလာရင် ရေသုံးတန်ကူးရပါတယ်။ အမှတ် ၁ ကျေးရွာကို သွားပြီး ပညာသင်ရတဲ့ ကျောင်းသူကျောင်းသားလေးတွေမှာဆိုရင် မတက်နိုင်စွမ်း အများဆုံး ၃ ပုံ ပုံရင် ၂ ပုံလောက်ပျက်စီးနေပါတယ်။ ၁ ပုံလောက်က ကျောင်းသားမိဘတွေက ပိုက်ဆံရှိတဲ့ မိဘတွေလောက်ကသာ ထားနိုင်ပါတယ်။ စားဝတ်နေရေး တနေ့တာ ပြေးပြီး လုပ်ကိုင်နေရတဲ့ စားသောက်နေရတဲ့ မိဘများကတော့ စားဝတ်နေရေး ထုတ်မပေးနိုင်တဲ့ အတွက် ကျောင်းသားတွေ ပညာရေး မတတ်ပါဘူး။ ကလေးတွေအတွက်ကို သက်ဆိုင်ရာ အာဏာပိုင်များကနေ မူကြိုကျောင်းလေး မူလတန်းကျောင်းလေး ချထားပေးရင် ပိုပြီး ကောင်းပါလိမ့်မယ်”လို့ ပြောပါတယ်။

သုံးဆယ်ကျွန်းရွာဟာ ကမ်းပြိုမှုကြောင့် ၄ ကြိမ်တိတိ ရွာပြောင်းခဲ့ရတာကြောင့် ဒေသခံတွေအနေနဲ့လည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီး ကျောင်းတက်အရွယ် ကလေးငယ်တွေအတွက် ကျောင်း ဝေးလံလို့ ထမင်းထုပ်တွေက အစ အခက်အခဲဖြစ်တာကြောင့် ကျောင်းတက် အရွယ်ရောက်ပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ် ၄၀ ကျော်လောက်အထိ ရှိနေပါတယ်။

အဲဒီရွာက ဘုန်းတော်ကြီးကျောင်းဟာလည်း ကမ်းပြိုမှုကြောင့် ၁၉၈၈ ခုနှစ်လောက် ကတည်းက ပျက်စီးခဲ့ရပါတယ်။

အခု ဘုန်းကြီးကျောင်းသစ်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလကမှ ပြန်လည် ဆောက်လုပ် ကိုးကွယ်နိုင်ကြပြီး စေတီတဆူတည်မယ့် ကိစ္စကိုလည်း ကမ်းပြိုမဲ့အထဲပါသွားမှာကို ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြပါတယ်။

သုံးဆယ်ကျွန်းရွာ ဂေါပကအဖွဲ့ဝင် ဦးစိန်ဌေးက “ကျနော်တို့က ဒီဘုရားက သိန်း ၄၀၊ ၅၀၊ ၆၀ လောက် ကုန်မယ်။ စုဆောင်းပြီး တည်မယ်။ ကမ်းနဲ့ ကျတော့ အလွန်ဆုံးကွာရင် လံဘောင် ၈၀ လောက်ပဲ ကွာမယ်။ အဲဒီတော့ရင် ဒီကမ်းရောက်သွားရင် ကျနော်တို့ ကုန်ကျထားတဲ့ငွေကို မခံသာဘူး။ ကျနော်ရပ်ရွာကလည်း မရှိကြပါဘူး။ ကျောက်သယ်စားတဲ့လူနဲ့ ကိုင်းထဲလိုက်တဲ့လူနဲ့ ဒါပေမယ့် စုဆောင်းပြီးတော့ သာသနာပွင့်တယ်ဆိုပြီး တည်ရတာပါ။ ဖြစ်စေချင်တာကတော့ ဒီကျောက်စုတ် မော်တော်လေးတွေကို ရပ်စေချင်ပါတယ်” လို့ ပြောပါတယ်။

သုံးဆယ်ကျွန်းရွာဟာ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကမ်းပြိုပြီး ရွာပျက်မှုတွေကြောင့် သုံးဆယ်ကျွန်း အမှတ် ၁ နဲ့ အမှတ် ၂ ရွာရယ်လို့ ၂ ရွာ ဖြစ်ခဲ့ပြီး အခု သုံးဆယ်ကျွန်း အမှတ် ၂ ရွာမှာ အိမ်ခြေ ၈၀ ကျော် ရှိပါတယ်။

ဒေသခံတွေအနေနဲ့ ကိုင်းနဲ့ တံငါလုပ်ငန်းကို အမှီပြုနေကြရပါတယ်။ ကျောင်းချပေးနိုင်ရေး အတွက် မြို့နယ်ပညာရေးမှူးကို သွားရောက်မေးမြန်းတဲ့အခါမှာတော့ ပထမအနေနဲ့ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ကြိုးစားဖို့ လိုပြီး နောက်နှစ်တွေမှာ စည်းကမ်းချက်တွေ အတိုင်း ဆက်လက်ချပေးမယ်လို့ မြန်အောင်မြို့နယ် ပညာရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

DVB
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သုံးဆယ်ကျွန်းရွာမှာ စာသင်ကျောင်း မြစ်ကမ်းပါး ပြိုတဲ့အထဲ ပါသွားလို့ ကျေးရွာမှာ စာသင်ကျောင်း မရှိဘဲ ဖြစ်နေပါတယ်။

နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း

Photo: နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း
Thursday, December 11, 2014

အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အစိုးရ၏ အုပ်ချုပ်ရေး မူဝါဒကို ဝေဖန်ခဲ့ကြသည့် ကတ်ဘိနက် အဖွဲ့ဝင် နှစ်ဦးကို ရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် လွှတ်တော် ဖျက်သိမ်းရေး အတွက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲ များကို လာမည့် မတ်လ ၁၇ ရက်တွင် ကျင်းပပေး နိုင် ဖွယ် ရှိကြောင်း အစ္စရေး လွှတ်တော် ဥက္ကဌ ဖြစ်သူက ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသည်။

အစ္စရေး အရပ်သားများကို အစွန်းရောက်များက တိုက်ခိုက်လာ လျက်ရှိနေ သောကြောင့်  လွှတ်တော် ဖျက်သိမ်းရေးကို လုပ်ဆောင် လာ ခြင်းလည်း ဖြစ်သည်။ အစိုးရ အကွဲအပြဲက အစ္စရေး၏ ပြဿနာ တစ်ရပ်ပင် ဖြစ်ကြောင်း၊ ဆွေးနွေး ငြင်းခုံမှု များစွာ၊ ခြေထိုး ပြောဆိုမှု များနှင့် ခြိမ်းခြောက် ကြိမ်းမောင်းမှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းထောက် များကို နေတန်ယာဟုက ပြောခဲ့သည်။

နေတန်ယာဟုက ၎င်း၏ ဝန်ကြီးအဖွဲ့ရှိ  ပြိုင်ဖက်ပါတီမှ ပါတီဝင်များ ဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီး ယဲအားလာပစ်နှင့် တရားရေး ဝန်ကြီး တီဇီပီလီဗနီတို့ကို နှုတ်ထွက်စာ တင်ခိုင်းခဲ့ခြင်း ဖြစ်သည်။ "ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ၊ အထူးသဖြင့် ဒီရက်ပိုင်း အတွင်းမှာ အဲဒီ ဝန်ကြီး နှစ်ဦးက ကျွန်တော် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ ကို အပြင်းအထန် တိုက်ခိုက်လာ ပါတယ်။ အစိုးရရဲ့ မူဝါဒကို တိုက်ခိုက်နေတဲ့ ဝန်ကြီးတွေကို ကျွန်တော် အလိုမရှိဘူး"ဟု နေတန်ယာဟုက ပြောခဲ့သည်။

အစ္စရေး နိုင်ငံသည် ပြီးခဲ့သည့် ၂၂ လခန့် က နောက်ဆုံး ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ်ကို အချိန်သိပ်မကွာဘဲ ကျင်းပခြင်းကို မလိုလားသည်မှာ ၅၅ ရာခိုင်နှုန်း ရှိကြောင်း အစ္စရေး နိုင်ငံ၏ ရုပ်သံလိုင်းဖြစ်သည့် Channel 2 ရုပ်သံလိုင်းက ကောက်ယူသည့် စစ်တမ်း အရ သိရသည်။

Ref: CNN
Mizzima - News in Burmese
အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အာဆီယံနှင့် တောင်ကိုးရီးယား ဆက်ဆံရေး မြှင့်တင်ရန် ထိပ်သီးညီလာခံ ကျင်းပ

Photo: အာဆီယံနှင့် တောင်ကိုးရီးယား ဆက်ဆံရေး မြှင့်တင်ရန် ထိပ်သီးညီလာခံ ကျင်းပ
Thursday, December 11, 2014

တောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့ကစလို့ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့တို့ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရေး ထိပ်သီးညီလာခံကို ကျင်းပနေပါတယ်။ ၂ ရက်တာ အစည်းအဝေးကို တောင်ကိုရီးယားနဲ့ အာဆီယံတို့ ဆက်ဆံရေးထူထောင်တာ ၂၅ နှစ်ငွေရတု အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

အစည်းအဝေးကို တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ဘူဆန်မြို့မှာ ကျင်းပတာဖြစ်ပြီး လုံခြုံရေးလည်း တင်းကြပ်ထားပါတယ်။
အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မနေ့က ဘူဆန်မြို့ကို ရောက်နေပါတယ်။

အာဆီယံဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်ရေးတန်ဖိုးဟာ မနှစ်က အမေရိကန် ဒေါ်လာ ၁၃၅ ဘီလီယံ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဆိုပါတယ်။

ဒီဗွီဘီ
တောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့ကစလို့ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့တို့ မဟာဗျူဟာမြောက် ဆက်ဆံ ရေး မြှင့်တင်ရေး ထိပ်သီးညီလာခံကို ကျင်းပနေပါတယ်။ ၂ ရက်တာ အစည်းအဝေးကို တောင်ကိုရီးယားနဲ့ အာဆီယံတို့ ဆက်ဆံရေးထူထောင်တာ ၂၅ နှစ်ငွေရတု အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး

Photo: ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး
Thursday, December 11, 2014

ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေသတွင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် Christian Uy က Rural Transit ကုမ္ပဏီမှ လည်ပတ်လုပ်ဆောင်နေသာ အဆိုပါ ဘတ်စ်ကား သည် မင်ဒါနာအို ကျွန်းရှိ မာရာမက် မြို့ကို ဖြတ်ကျော်သွားစဉ် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အေအက်ဖ် ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ အများစုသည် အထက်တန်း ကျောင်းသားများ ဖြစ်ပြီး ဘတ်စ်ကားသည် ခရစ်ယာန် အများစု နေထိုင်ရာ မြို့ကို ဖြတ် သန်း မောင်းနှင်စဉ် ကားပေါ်သို့တက်ရောက်ခဲ့သည့် ကျောင်းသားများ ဖြစ်ကြောင်းနှင့် ကျောင်းသားများ တက်ပြီးနောက် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ခြေလျင် တပ်ရင်းမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ် Norman Tagrosu က ပြောကြား ခဲ့သည်။

ဗုံးသည် ဘတ်စ်ကား၏ အထုပ်အပိုးများ တင်သည့် စင်ပေါ်တွင် ဖုံးကွယ်ကာ တပ်ဆင်ထားခဲ့ပုံ ရကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စစ်ဆေးရေးမှူး Jiselle Longakit က ပြောကြားသည်။ မည်သည့် ဗုံးအမျိုးအစား ဖြစ်သည်ကိုမူ မသိရှိ သေးကြောင်း ၎င်းက ပြောကြားသည်။

Tagros က ဗုံးဖောက်ခွဲသည့် ရည်ရွယ်ချက်သည် ခြိမ်းခြာက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်းနှင့် ယင်းဗုံးဖောက်ခွဲ မှုသည် ဘတ်စ်ကား ကုမ္ပဏီ အတွက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့်လက မင်ဒါနာအိုမြိုရှိ Rural Transit ဘတ်စ်ကား ကုမ္ပဏီကလည်ပတ် လုပ်ကိုင်နေသော ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက် မှုကို Bangsamoro အစ္စလာမ်မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ အဖွဲ့ (BIFF) က လုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်း Longakit ကပြောကြားသည်။

Ref: AFP
Mizzima - News in Burmese 

ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီုးံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ

Photo: စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ 

အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ
Thursday, December 11, 2014

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများအား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း နှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်း က အသုံးဝင်သော သတင်းအချက်အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရေး ကြိုးပမ်းရာတွင် နှိပ်စက်ညှဉ်းပန်းသော နည်းလမ်းများသုံးကာ စစ်ကြောမေးမြန်းခြင်းက ထိရောက်မှုရှိကြောင်း အိမ်ဖြူတော် နှင့် လွှတ်တော်တို့က ထင်မြင်ယူဆလာစေရန် အတွက်လည်း ဗဟိုထောက်လှမ်းရေး အေဂျင်စီ က အိမ်ဖြူတော် နှင့် လွှတ်တော်ကို လှည့်စားခဲ့ကြောင်း အထက်လွှတ်တော် စုံစမ်းဖော်ထုတ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ထဲတွင် ဖော်ပြထားသည်။ ချုပ်နှောင်ထားသော အကျဉ်းသားအား ရေနစ်သကဲ့သို့ ခံစားရအောင် သူ၏ မျက်နှာပေါ်သို့ ရေများလောင်းချ ၍ နှိပ်စက်ညှဉ်းပန်းသောနည်း (waterboarding) အပါအဝင် စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ အချေအတင် ဆွေးနွေးငြင်းခုန်မှု များမှာ ယခု အစီရင်ခံစာကြောင့် ပြန်လည်အသက်ဝင်လာခဲ့သည်။

စာမျက်နှာ ၅၀၀ ခန့် ပါရှိသော အကျဉ်းချုပ်အစီရင်ခံစာ ထဲတွင် ဖော်ပြ ထားသော အချို့ စစ်ကြောရေးနည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ် လှကြောင်း သမ္မတ အိုဘားမားကလည်း ဝန်ခံခဲ့သည်။ “ ၉/၁၁ (စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု) အပြီးမှာ ကျွန်တော်တို့ ဘေးကင်း လုံခြုံရေးအတွက် အပြင်းအထန် အလုပ်လုပ်ခဲ့တဲ့ လူစုတွေ အများကြီး ရှိပါတယ်။ ဘေးအန္တရာယ် ကြီးမားလှတဲ့ အခြေအနေ၊ ဘာတွေ ဖြစ်လာမယ်မှန်း မသိလို့ ပြည်သူတွေ မရေမရာ ခံစားနေရတဲ့ အချိန်မျိုးမှာ အလုပ်လုပ်ခဲ့ကြ သူတွေ ရှိပါတယ်” ဟု Telemundo ရုပ်သံသတင်းဌာန နှင့် အင်တာဗျူးထဲတွင် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည် မှုတွေ၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်တဲ့ ခြေလှမ်းတစ်ချို့ကို လှမ်းခဲ့ကြတယ်ဆိုတဲ့ အချက်ကလည်း တကယ်ဟုတ်ပါတယ်” ဟု အိုဘားမားက ဆိုသည်။

အစီရင်ခံစာထဲတွင် ပါရှိသော တွေ့ရှိချက် တစ်ခုက ဆိုသည်မှာ စီအိုင်အေ ဝန်ထမ်းတစ်ဦးသည် အကျဉ်းသား တစ်ဦးကို ခြိမ်းခြောက်ရန် အတွက် "Russian Roulette" ကစားနည်း (ခြောက်လုံးပြူးဆုံလည်ထဲတွင် ကျည်ဆံတစ်တောင့်ထည့်ကာ နားထင်ကိုတေ့၍ ကစားရခြင်းဖြစ်ပြီး ကံမကောင်းပါက တကယ်သေသွားနိုင်သော ကစားနည်းတစ်မျိုး) ကိုလည်း အသုံးပြုခဲ့ကာ၊ စစ်ကြောရေး နည်းလမ်း မကျွမ်းကျင်သော အခြား စီအိုင်အေ ဝန်ထမ်းတစ်ဦးကလည်း အကျဉ်းသားတစ်ဦးအား လျှပ်စစ် လွန်ဖောက်စက် တစ်ခုဖြင့် ခြိမ်းခြောက် ခဲ့သည်။ ထို့ပြင် “rectal feeding” နှင့် “rectal rehydration” နည်းများကို မလိုအပ်ဘဲ အသုံးပြု၍လည်း အကျဉ်းသားများကို အရှက်ခွဲ နှိပ် စက်ခဲ့ကြသည်။ အကျဉ်းသားတစ်ဦးမှာ ချုပ်နှောင်ခံထားရစဉ်တွင် ကိုယ်အပူချိန် အလွန်အမင်းကျဆင်းကာ သေဆုံးသွားခဲ့ရပြီး အချို့ အကျဉ်းသား များမှာ နှိပ်စက်ခံရမှုကြောင့် ခြေလက်များ ကျိုးကုန်ခဲ့ကြသည်။

စီအိုင်အေ ညွန်ကြားရေးမှူး ဂျွန်ဘရန်းနန်း က မူ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတွင် သမ္မတ ဂျော့ဒဗလူဘွတ်ရှ်လက်ထက်၌ စတင်ကျင့်သုံးခဲ့သော၊ စီအိုင်အေ၏ ရက်စက်သော စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ ကာကွယ်ပြောကြားခဲ့သည်။

ထို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် အမှားအယွင်းများ ရှိခဲ့သော်လည်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ် ပွါးအောင် ကြိုတင်ကာကွယ်ရာတွင် အသုံးဝင်မည့် သတင်းအချက်အလက်များကို ထိုနည်းလမ်းများကြောင့် ရရှိခဲ့ကာ အကြမ်းဖက်သမား များကို ဖမ်းဆီးနိုင်ခဲ့ပြီး လူ့အသက်များကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သူက ချေပ ပြောဆိုခဲ့သည်။

အမေရိကန် စီအိုင်အေက နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိသဖြင့် လက်စားချေ တိုက်ခိုက်မှုများ ဖြစ်ပွါးလာမည်ကို စိုးရိမ်သဖြင့် ကမ္ဘာ့နိုင်ငံများရှိ အမေရိကန် သံရုံးများအား လုံခြုံရေး တိုးမြှင့်ထားရန် သတိပေးတပ်လှန့်ထားသည်။ အစီရင်ခံစာအား ဖြန့်ချိထုတ်ဝေနိုင်ရေး အတွက် အထက်လွှတ်တော်အမတ် ဒိုင်ယန်ဖိုင်းစတိုင်း (Dianne Feinstein) က ဆက်လက်ကြိုးပမ်းနေလျက် ရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကမူ ထိုအစီရင်ခံစာပါ အချက်များကြောင့် ကမ္ဘာအဝှမ်းတွင် ဒေါသထွက်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။

 “တချို့လူစုတွေကို ကျွန်တော်တို့ နှိပ်စက်ခဲ့ပါတယ်” ဟု သမ္မတ အိုဘားမားက သြဂုတ်လအတွင်းက ဝန်ခံပြောကြားခဲ့ပြီးနောက်၊ အယ်လ်ခိုင်းဒါးနှင့် ဆက်နွယ်ကြောင်း မသင်္ကာဖွယ်ဖြစ်သူများအပေါ် စီအိုင်အေက အသုံးပြုခဲ့သော စစ်ကြောရေးနည်းလမ်းများအကြောင်း အသေးစိတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများ အား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်းနှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်းက အသုံးဝင်သော သတင်းအချက် အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ပိုလန်မှာ CIA လျှို့ဝှက်အကျဉ်းထောင် ရှိခဲ့ကြောင်း သမ္မတဟောင်းဝန်ခံ

Photo: ပိုလန်မှာ CIA လျှို့ဝှက်အကျဉ်းထောင် ရှိခဲ့ကြောင်း သမ္မတဟောင်းဝန်ခံ
Thursday, December 11, 2014

ပိုလန်သမ္မတဟောင်း Aleksander Kwasniewski က ပိုလန်အနေနဲ့ သူ့ရဲ့နယ်မြေတွင်းမှာ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို လျှို့ဝှက် အကျဉ်းထောင်တခု ထားရှိခွင့် ပြုခဲ့တဲ့အကြောင်း ဒါပေမဲ့လို့ ပိုလန်အရာရှိတွေ အနေနဲ့ အဲ့ဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေကို ရက်စက်တဲ့လုပ်ရပ်တွေ၊ နှိပ်စက်မှုတွေ ပြုလုပ်ခွင့် အမိန့်မပေးခဲ့တဲ့ အကြောင်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အဲ့ဒီအကျဉ်းထောင်မှာ အမေရိကန်ထောက်လှမ်းရေး ကြိုးပမ်းအားထုတ်မှု အားလုံးကို အဆုံးသတ်ဖို့ သူ့အနေနဲ့ ထိုစဉ် အမေရိကန်သမ္မတ George W. Bush ကို တိုက်တွန်းခဲ့တဲ့အကြောင်း မစ္စတာ Kwasniewski က TOK ၀ါဆောအသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အဲ့ဒီလုပ်ရပ်တွေကို တချိန်ချိန်မှာ ရပ်တန့်ခဲ့တယ်လို့လည်း မစ္စတာ Kwasniewski က ပြောပါတယ်။ အဲ့ဒီအကျဉ်းထောင်မရှိတဲ့အကြောင်း နှစ်ပေါင်းများစွာ ငြင်းဆို ခဲ့အပြီး ဒါဟာ ပိုလန်သမ္မတဟောင်း တဦးအနေနဲ့ လူသိရှင်ကြား ပထမဆုံး ၀န်ခံပြောကြားမှုပဲ ဖြစ်ပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ၂၀၀၂ ခုနဲ့ ၂၀၀၃ ခုတုန်းက CIA အနေနဲ့ ပိုလန်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခု စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအပြီး အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းရာမှာ လွန်ကျွံတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို CIA က အသုံးပြုခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး တရက်အကြာမှာ မစ္စတာ Kwasniewski က အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပိုလန်သမ္မတဟောင်း Aleskander Kwasniewski
ပိုလန်သမ္မတဟောင်း Aleskander Kwasniewski  
ပိုလန်သမ္မတဟောင်း Aleksander Kwasniewski က ပိုလန်အနေနဲ့ သူ့ရဲ့နယ်မြေတွင်းမှာ CIA အမေရိ ကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို လျှို့ဝှက် အကျဉ်းထောင်တခု ထားရှိခွင့် ပြုခဲ့တဲ့အကြောင်း ဒါပေမဲ့ လို့ ပိုလန်အရာရှိတွေ အနေနဲ့ အဲ့ဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေကို ရက်စက်တဲ့ လုပ်ရပ်တွေ၊ နှိပ်စက်မှုတွေ ပြုလုပ်ခွင့် အမိန့်မပေးခဲ့တဲ့ အကြောင်း သူက ပြောပါတယ်။