ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဂျာဗားပင်လယ်တွင် Air Asia လေယာဉ် ပျက်ကျခဲ့မှုတွင် လေယာဉ်အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်ရွက်ပုံ ချွတ်ချော်မှားယွင်းခြင်းက အဓိကအကြောင်းရင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ကြေညာလိုက်သည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် Air Asia လေကြောင်းလိုင်းမှ Airbus A320-200 လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျသွားခဲ့ရာ လိုက်ပါသွားသူ ၁၆၂ ဦးစလုံး သေဆုံးခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှား အာဏာပိုင်များက ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ လေယာဉ်မှူးများသည် လေယာဉ်၏ အစိတ်အပိုင်းတစ်ခု လုပ်ဆောင်မှု ချွတ်ယွင်းနေသည်ကို တုံ့ပြန်ရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် စတင်ထွက်ခွာပြီး မိနစ် ၄၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လပေါင်းများစွာ အချိန်ယူ စုံစမ်းမှုများ ပြုလုပ်ပြီးနောက် လေယာဉ်ပျက်ကျရမှုနှင့် ပတ်သက်သည့် အဓိက အကြောင်းရင်းကို ခြေရာခံ ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ လေယာဉ်နောက်မြီးရှိ ပဲ့ထိန်းစနစ်တွင် အက်ကွဲမှုများ ဖြစ်ပေါ်နေကြောင်း လေယာဉ်မှူးထံ အချက်ပြ အကြောင်းကြားမှု လေးကြိမ်ထိ ပေးပို့ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။