Tuesday 1 December 2015

KIA အဖွဲ့မှ နန့်ပုတ်ကျေးရွာအနီး မိုင်းထောင်


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာအနီးတစ်ဝိုက်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့က KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းဒေသခံရွာသား တစ်ဦးထံမှ သိရသည်။

KIA အဖွဲ့မှ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ၊ မြို့ရှောင်လမ်း၊ လယ်ရေသွင်းမြောင်းတံတား၏ ညာဘက်ဘေး၌ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား ဒေသခံရွာသားတစ်ဦး၏ သတင်းပေးချက်အရ သိမ်းဆည်းရမိခဲ့ကြောင်း ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောပြ သည်။

“ ကျွန်တော်တို့ရွာဘက်ကို ပြီးခဲ့တဲ့နေ့က KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး မိုင်းတွေထောင်သွားတယ်၊ ကျွန်တော်က လယ်ရေသွင်းဖို့သွားတဲ့အချိန်မှာ မြောင်းတံတားရဲ့မြောက်ဘက်ဘေးရောက်တော့ ဒီကောင်တွေ ထောင်ထားတဲ့ မိုင်းတစ်လုံးကိုတွေ့ပါတယ်၊ ကံကောင်းလို့ဗျာ၊ မိုင်းကိုတွေ့လိုက်လို့ပေါ့၊ နို့မို့ဆိုမသာပေါ်ပြီ၊ ကျွန်တော်လည်း မိုင်းကိုတွေ့တော့ ဘာလုပ်ရမှန်းမသိဘူး၊ ရွာကိုတန်းပြန်လာတာ၊ ရွာရောက်တော့ အုပ်ချုပ် ရေးမှူးကို ပြောပြခဲ့ပါတယ်၊ အုပ်ချုပ်ရေးမှူးကလည်း ရွာသားတွေကို ရွာအပြင်မထွက်ကြဖို့ ပြောထားတော့ ရွာသူ/ရွာသားတွေလည်း တစ်ယောက်မှ ရွာအပြင်ကိုမထွက်ရဲကြဘူးလေ၊ ပြီးမှ အစိုးရတပ်ဆီကို သွားရောက် ပြီး မိုင်းတွေ့ရှိကြောင်း သတင်းပေးလိုက်ပါတယ်” ဟု နန့်ပုတ်ရွာသားတစ်ဦးမှ ပြောပြသည်။

KIA အဖွဲ့မှ ထောင်ထားသောမိုင်းမှာ ဗုံးသီးဟောင်း ၂ လုံးဖြင့် ပြုလုပ်ထားသော မိုင်းဖြစ်ပြီး သက်ဆိုင်ရာတပ် တာဝန်ရှိသူများမှ ၎င်းမိုင်းအား သက်မဲ့ပြုလုပ်၍ သိမ်းဆည်းသွားကြောင်း သိရှိရသည်။ 

နော်ဂျာ
Kachin Daily News 

No comments:

Post a Comment