Tuesday 1 December 2015

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ချင်းပြည်နယ် လားဘာဝကျေးရွာတွင် မြေမြှုပ်မိုင်း ကြောင့် လူတစ်ဦးသေဆုံး

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်၊ ချင်းပြည်နယ်၊ လားဘာဝရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“နယ်ခြားမျဉ်းအမှတ် ၇၀ အနီးမှာမိုင်းနင်းမိပြီး ဘယ်ဘက်ဒူးအောက် တစ်ချောင်းလုံး ပြတ်ပြီး သွေးထွက်လွန် သေသွားတာပါ။ သေသွားသူနာမည်က ဦးရန်သန့် အသက် ၅၂ နှစ်ပါ”ဟု လားဘာဝကျေးရွာမှ ဦးပြည်တင်းက ပြောသည်။

အဆိုပါရွာသားသည် နိုဝင်ဘာလ ၂၈ ရက်က နယ်ခြားမျဉ်းအမှတ် BP ၇၀ အနီး၊ မြောက်ဘက် ကိုက် ၆၀၀ ခန့် အကွာတွင် ဝါးခုတ်ရန်သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုင်းထိထိချင်း ကျွန်တော်တို့တပ်က ရွာနားမှာ မရှိဘူး။ အဓိကတော့ တပ်မတော် လှုပ်ရှား စစ်ကြောင်းကို ထောင်တဲ့မိုင်းပါ။ သူတို့နေတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းမှာ အင်အား ၈၀ လောက်ရှိမယ်။ လှမ်းပစ်ရင်လည်း နှစ်နိုင်ငံ နိုင်ငံရေး ပြဿနာ ဖြစ်လာနိုင်လို့ ဒီအတိုင်းကြည့်နေရတယ်”ဟု နယ်မြေခံ တပ်မတော်အရာရှိ တစ်ဦးက ပြောသည်။

တစ်ဖက်နိုင်ငံအတွင်း မော်ဒုတ်ကြီးကျေးရွာတွင် ရက္ခိုင့်တပ်မတော်(AA)နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့ အခြေချနေသည့်အတွက် အဆိုပါ မိုင်းမှာ ရခိုင့်တပ်မတော်(AA) (သို့မဟုတ်) ရခိုင်လွတ်မြောက်ရေး ပါတီ(ALP) အဖွဲ့မှ ထောင်ထားသော မိုင်းဖြစ်နိုင်သည်ဟု နယ်မြေခံ တပ်မတော်အရာရှိက ခန့်မှန်းထားပြီး နယ်ခြားမှတ်တိုင် BP ၇၀ အနီးရှိ ယခင်ကလည်း မြေမြှုပ်မိုင်းများ ကြောင့် ကျေးရွာသားများမှာ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

သတင်း - MMK
photo - narinjara.com
The Ladies News Journal

No comments:

Post a Comment