မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှ ခေါင်းဆောင်များနှင့် ထိုင်း နယ်စပ် အခြေစိုက် လူမှုအဖွဲ့အစည်းများ နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ ဆွေးနွေးစဉ်။ (ဓာတ်ပုံ - ဖနိဒါ၊ မဇ္ဈိမ)
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဘဲ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ လူထုအကျိုးပြု အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍတစ်ခုက ပါဝင်နိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် ထိုင်းနယ်စပ် အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများ ထိုင်းနိုင်ငံ၌ နှစ်ရက်တာ ဆွေးနွေးခဲ့သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္ဈိမကို ပြောသည်။