Thursday 4 February 2016

အိုင်အက်စ် ခေါင်းဆောင်ပိုင်းအချို့ လစ်ဗျားပိုင်နက်ဘက်သို့ ခိုလှုံထွက်ပြေးလာ

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ပိုင်းအချို့ လစ်ဗျားမြေသို့ ထွက်ပြေးဝင်ရောက်လာကြောင်း လစ်ဗျားအာဏာပိုင်များက ပြောကြားခဲ့သည်။
အိုင်အက်စ်သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို အဓိကထိန်းချုပ်ထားသော်လည်း ထိုနှစ်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ မြင့်တက်လာသည့်နောက် အိမ်နီးချင်း လစ်ဗျားသို့ စစ်သွေးကြွခေါင်းဆောင်များ ထွက်ပြေးလာခြင်း ဖြစ်သည်။ လစ်ဗျားတွင် အာဏာရှင် မူအမ်မာကဒါဖီအစိုးရ ပြုတ်ကျသွားသည့်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ရာ အိုင်အက်စ်တို့ ခြေကုပ်ယူရန် ပိုမိုလွယ်ကူနေသည်။

လစ်ဗျားထောက်လှမ်းရေးဌာနက ပြီးခဲ့သည့်လပိုင်းအတွင်း အီရတ်နှင့် ဆီးရီးယားတို့မှ လစ်ဗျားဘက်သို့ အိုင်အက်စ်၏ထင်ရှားသော ခေါင်းဆောင်ပိုင်းအချို့ ခိုလှုံကူးပြောင်းလာကြောင်း၊ အများစုသည် ဆာတီမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာတီသည် ပြီးခဲ့သည့်လအတွင်းက အိုင်အက်စ်တို့ လက်အောက်သို့ ကျရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်၊ ဗြိတိန်တို့ဦးဆောင်ပြီး နိုင်ငံပေါင်း ၂၃ ခုမှ ကိုယ်စားလှယ်များသည် လစ်ဗျား၌ အိုင်အက်စ်တို့ စိမ့်ဝင်ထိုးဖောက်မှု ပိုမိုအားကောင်းလာခြင်းအပေါ် တုံ့ပြန်ရန်ဆွေးနွေးခဲ့ကြသည်။ သို့သော်နိုင်ငံအချင်းချင်း အားပြိုင်မှုများက အိုင်အက်စ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေစေသည်။

ဆာတီသည် ကဒါဖီ၏ မွေးရပ်မြို့ဖြစ်ပြီး အိုင်အက်စ်တို့ မြို့ကို သိမ်းယူချိန်တွင် ယခင်အာဏာရှင်ဟောင်းကို သစ္စာခံသူများထံမှ ထောက်ပံ့မှုကိုရရှိနေသည်ဟု ယူဆရကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

Ref: BBC

No comments:

Post a Comment