Wednesday 24 June 2015

RCSS/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ ရွာသားများတိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပိန်းကျေးရွာမှ ဒေသခံရွာသားများအား မေလ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် စုဆောင်းနေကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါ ကျေးရွာအတွင်း နေထိုင်သော အသက် ၁၆ နှစ်အထက် အမျိုးသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခိုင်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ သူတို့အဖွဲ့က အယောက် ၂၀ လောက်ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ်စုခိုင်းထားတယ်၊ အားလုံး ပေါင်းအယောက် ၅၀ စုခိုင်းထားတာ၊ ကျွန်တော်တို့ ဆက်ကြေးဆိုလည်း ပေးရတယ်၊ ကျွဲနွားတွေဆိုလည်း ဖမ်းသွား တယ်၊ ရွာပြင်မှာတွေ့တဲ့သူဆိုရင်လည်း အတင်းဖမ်းခေါ်သွားတာ၊ ခုလည်း လူသစ်စုခိုင်းပြန်ပြီ၊ ကျွန်တော်တို့ကို အမျိုးမျိုးနှိပ်စက်နေတယ်၊ သည်းမခံနိုင်တော့ဘူး၊ မိသားစုကိုခေါ်ပြီး တောင်ကြီးက အမျိုးတွေဆီသွားနေတော့မယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့မှာ ရွာရှိ အသက် ၁၆ နှစ်ပြည့်ပြီးသော အမျိုးသားများကို ၎င်းတို့အဖွဲ့၌ တာဝန်ထမ်းဆောင်ခိုင်းရန် စုဆောင်းခိုင်းခြင်းဖြစ်၍ မိသားစုများမှာ စိုးရိမ်သောကများနှင့် ရင်ဆိုင်နေရပြီး ရွာမှထွက်ပြေးရန် ပြင်ဆင်နေကြ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရသည်။

“ ရွာကနေ သူတို့အဖွဲ့အတွက် လူသစ် ၅၀ တောင်းထားတယ်၊ မရရင် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်၊ အရင်ကလည်း လူသစ်စုခိုင်းလို့ ကျွန်တော်တို့ မဲစနစ်နဲ့ စုပေးရတာရှိ တယ်၊ ခုဟာက အယောက် ၅၀ တောင်ဆိုတော့ အရမ်းများလွန်းတယ်၊ ရွာမှာလည်း ရွာသားကမရှိတော့ဘူး၊ ကျန်တာ က ကျောင်းတက်နေကြတဲ့ ကလေးတွေပဲရှိတော့တယ်၊ ဖြစ်စေချင်တာက ကိုယ့်သဘောဆန္ဒအတိုင်း ၀င်ရောက်ရင် ပိုကောင်းတာပေါ့၊ ခု အတင်းအကြပ်ကြီးစုတော့ ရွာသားတွေလည်း မခံနိုင်တော့ဘူးထင်တယ်၊ မိသားစုလိုက် ထွက် ပြေးကုန်ကြပြီ၊ မတတ်နိုင်ဘူးလေ သူတို့တောင်းတဲ့အတိုင်း မပေးလို့ သတ်မယ်ဆိုလည်း သတ်ပါစေတော့” ဟု ၎င်းမှ ဆက်လက်ပြောကြားသွားသည်။
စိုင်အောင်ခမ်း
Shan News

No comments:

Post a Comment