Wednesday 24 June 2015

မန္တလေးရတနာပုံတက္ကသိုလ်တွင် စာစဉ်အဖြေလွှာစာအုပ်များ ပြတ်လပ်

မန္တလေးရတနာပုံ တက္ကသိုလ် အဝေးသင်ဌာနတွင် စာစဉ်အဖြေလွှာ (Assignment)စာအုပ်များ အဖြေလွှာ တင်သွင်းရက် နောက်ဆုံးနေ့ မတိုင်မီအထိ အချိန်မီထုတ်ယူ၍ မရသဖြင့် အဝေးသင် ကျောင်း သား၊ ကျောင်းသူများ စာစဉ်ဖြေဆိုရာ၌ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

စာစဉ်အဖြေလွှာအပါအဝင် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများကို ကျောင်းအပ်ပြီး သုံးပတ်အတွင်း လာရောက်ထုတ် ယူနိုင်သည်ဟု အဝေးသင်ဌာနက သတ်မှတ်ချက် ထုတ်ပြန်ထား သော်လည်း လက်တွေ့ တွင်မူ စာ စဉ်ပြတ်လပ်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု အဝေးသင် ကျောင်းသား၊ ကျောင်းသူများက ပြောသည်။

အဆိုပါ စာစဉ်များကို မိတ္တူ ကူးကာ ပေးဝေခဲ့သော်လည်း ပထမစာစဉ် နောက်ဆုံးတင်သွင်း ရမည့်ရက်မှာ ဇွန်လ ၃၀ ရက်ဖြစ် သည့်အတွက် ဖြေဆိုရန် အချိန် အခက်တွေ့နေကြောင်း အဝေး သင် ကျောင်းသား၊ ကျောင်းသူ များက ပြောသည်။

‘‘အဆိုင်းမန့်စာအုပ်ထုတ်ဖို့ လေးခေါက်လောက်လာရတယ်။ ဆရာမတွေကတော့ မေးခွန်းတွေ ရောက် မလာလို့ပြောတာပဲ။ မေး ခွန်းမရောက်လို့ဆိုပြီး နောက်တစ် ခေါက် ထပ်လာပြန်တော့လည်း စာအုပ် ကုန်သွား လို့ဆိုပြီး မရပြန် ဘူး။ အဲဒီလိုမျိုး ကျောင်းကို လေး၊ ငါးခေါက် ပြန်လာထုတ်ရတာ ပေါ့။ ကျောင်း အပ်ပြီး နှစ်လကျော် ကျော်လောက်ထိ မရဘူး’’ဟု တတိယနှစ်(စီးပွားရေး) အဝေးသင်ကျောင်းသား မောင်နန်းဝင်းစိုးက ပြောသည်။

ယခုပညာသင်နှစ်တွင် မန္တလေး အဝေးသင်တက္ကသိုလ် သင်တန်းနှစ်အသီးသီး၏ စာစဉ်အဖြေလွှာ တင်သွင်းရန် နောက်ဆုံးရက် ထက် ကျော်လွန်သွားသော ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် စာစဉ်အဖြေ လွှာများ လက်ခံပေးရန် ဇွန်လ ၁၆ ရက်တွင် မန္တလေးအဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် လက်မှတ်ဖြင့် အသိပေးစာ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထိုသို့ စာအုပ်များ အချိန်မီ မရရှိခြင်းမှာ အဖြေလွှာစာအုပ် ထုတ်လုပ်သော ကုမ္ပဏီ၏နောက် ကျခြင်း၊ သက်ဆိုင်ရာ တက္ကသိုလ် သို့ ပေးပို့ရာတွင် ကြန့်ကြာခြင်း၊ ကျောင်းသားများ ကျောင်းအပ် နောက်ကျခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း မန္တလေးအဝေးသင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ တင်မောင်လှက ပြောသည်။

7Day DAILY 

No comments:

Post a Comment