Friday 8 May 2015

ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသားခေါင်းဆောင်များ

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်း အဝေးကြီး မနေ့က ပြီးဆုံးသွား ပါပြီ။ ပန်ဆန်းအစည်းအဝေးက နိုင်ငံတော်အတွက် ဘာတွေရလိုက်သလဲ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ဘာတွေရလိုက်သလဲ။ ပြည်သူတွေ ဘာရလိုက်သလဲ။ ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံအတွက်၊ ပြည်သူ အတွက် ထူးထူးခြားခြားရလိုက်တာ တစ်ခုမှမရှိပါဘူး။ တိုင်းရင်းသားပြဿနာနဲ့ ငြိမ်းချမ်းရေးပြဿနာ အတွက် ရလဒ်ကောင်းတွေလည်း မရရှိလိုက်ပါဘူး။ မူးယစ်ဆေးဝါးထုတ်လုပ်မှုကိစ္စ လျှော့ချရေးပြဿနာ မဆွေးနွေးခဲ့ရပါဘူး။ ဒါပေမယ့် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် ပန်ဆန်း အစည်းအဝေးက အများကြီး အမြတ်ကျန်ခဲ့ ပါတယ်။ ပြည်နယ်ခွဲထွက်ခွင့်ကို ထိပ်သီး တိုင်းရင်းသား ခေါင်းဆောင် အားလုံးရှေ့မှာ တောင်းဆိုနိုင်ခဲ့ပါတယ်။ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) ဘက်က အဖွဲ့ဝင်အဖြစ် ဝင်မထားတဲ့ NCCT အဖွဲ့ကို ပြိုကွဲအောင်လုပ်နိုင်ခဲ့တဲ့အပြင် လက်မှတ် ထိုးထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ခိုင်းခြင်းဖြင့် NCCT ခေါင်းဆောင်တွေကို အရှက်ရစေ ခဲ့ပါ တယ်။ နောက်ဆုံးတစ်ချက်ကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး ဘိန်းထုတ် လုပ်နေမှုနဲ့ နာမည်ပျက် နေခြင်းကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။

ပြည်နယ်ခွဲထွက်ခွင့်ကို တိုင်းရင်းသားခေါင်းဆောင်များရှေ့မှောက် တောင်းဆိုနိုင်ခဲ့ခြင်းမေလ ၁ ရက်မှ စတင်ကာ ၆ ရက်အထိ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ခေါင်းဆောင် ပေါက်ယူ ချန်းရဲ့ အိမ်တော်ကြီးမှာ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မိုင်းလားအဖွဲ့ အမျိုးသား ဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော်(NDAA)၊ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမို ကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင့် တပ်မတော်(AA)တို့မှ ထိပ်သီးခေါင်းဆောင်များကို ဖိတ်ခေါ် ကာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ 

အစည်းအဝေး စတင်တဲ့ မိန့်ခွန်းမှာပင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ် ပေးရေး ထောက်ခံပေးဖို့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်သေနာ ပတိချုပ် ပေါက်ယူချန်းက ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ ပန်ဆန်းအစည်းအဝေးသို့ တက်ရောက်လာတဲ့ ခေါင်းဆောင် များကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင်နှစ်ခုခွဲကာ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း ဟု ပြဌာန်း ထားတာပါ။

ပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုခြင်းကို “ဒါဟာ သမိုင်းကျန်ခဲ့တဲ့ အကြွေး ပဲလေနော်။ သမိုင်းကြွေးတွေ ပြန် ရှင်းရမယ့် ကိစ္စပဲ။” လို့ “၀” ပြည် သွေးစည်း ညီညွှတ်ရေးပါတီ၊ “၀” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSP/UWSA) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဆိုပါတယ်။

“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များ ရဲ့ ပြည်နယ်ခွဲထွက်ခွင့် တောင်း ဆို ခြင်းကိုအစိုးရ၊ အတိုက်အခံနဲ့ တိုင်းရင်းသားခေါင်းဆောင်များသာမက ပြည်သူလူထု တစ်ရပ်လုံးက လက်မခံကြောင်း သိရပါတယ်။ “၀” ပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုတာနဲ့ ပတ်သက်ပြီး လက်မခံနိုင် ကြောင်းနဲ့ ၂၀၀၈ အခြေခံဥပဒေမှာလည်း ပြဌာန်းမထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အခုလိုပြောပါတယ်။

“ရှမ်းပြည်ကြီးကို ခွဲပေးရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ပြောရရင်တော့ဗျာ ဒါဟာ ၁၉၉၃ မှာ စတယ်။ ကျနော်တို့က အဲဒါကို သဘောမတူဘူး။ ၂၀၀၈ မှာလည်း သဘောမတူဘူး။ ကျနော်တို့ ထွက်ခဲ့တယ်။ နောက်ဆုံး ဒီဟာက ဒီလိုဖြစ်လာမယ်လို့ မြင်နေတယ်။ နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဆိုလို့ရှိရင် ယူဂိုဆလားဗီးယားလို မဖြစ်သွားဖို့ အရေးကြီးတာပဲ။ အရင်အစိုးရတွေတုန်းကတောင် ပေးချင်တာ မဟုတ် ဘူး။ အခုအနေအထားတောင် ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဗျာ။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း တစ်ခုပဲပြောချင်တယ်။ ခရိုင်းမီးယားလို့ မဖြစ်စေနဲ့ပေါ့ဗျာဒါပါပဲ။” လို့ ဆိုပါတယ်။

ဒါကြောင့် ပန်ဆန်းအစည်းအဝေး ကြေညာချက်ထဲမှာ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဘက်က ထည့်သွင်းထားပါတယ်။

“ဒီအတိုင်းပဲပေးလိုက်ရင် ကျနော်အမြင်ကတော့ တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲတော့မှာပဲ။ ဒီတစ်ခု ဖြစ်တယ်ဆိုရင် နောက် တစ်ခု၊ နောက်တစ်ခုနဲ့ တိုင်းပြည်ပျက်စီးသွားမှာပေါ့။ ညီညွှတ်ခြင်းမရှိတဲ့ အတွက် ကွဲပြားသွား ပြီးတော့ ပျက်စီးတဲ့ အဆင့်ကိုရောက်သွားလိမ့်မယ်။” လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်မှန်းသိပေမယ့် ပန်ဆန်းအစည်းအဝေး ကာလအတွင်း ထိပ်သီးတိုင်းရင်းသား ခေါင်းဆောင် များရဲ့ ကန့်ကွက်ခြင်းကို မခံလိုက်ရတဲ့အတွက် “၀” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ဘက်က အများကြီး အမြတ်ထွက်ခဲ့ ပါတယ်။ ဒီလို မကန့်ကွက် နိုင်အောင် လည်း “၀” ဘက်က အခုလို စီစဉ်ခဲ့ တာဖြစ်ပါတယ်။ တိုင်းရင်းသား ညီလာခံလို့ ခေါင်းစဉ်တပ်ထားပေမယ့် “၀” ပြည်နယ်ရရှိရေး တောင်းဆိုတဲ့ အခမ်းအနားတစ်ခုကို NCCT ခေါင်းဆောင် တွေ ထမင်းစားကြွရောက်ရင်း ချီးမြှင့်တဲ့ပွဲ ဖြစ်သွားပါတယ်။

NCCT အဖွဲ့ကို ပြိုကွဲစေခြင်းနှင့် NCCT ခေါင်းဆောင်များကို အရှက်ရအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ၂ နှစ်ကျော် ငြိမ်းချမ်းရေးစွမ်းစွမ်းတမံလုပ်ခဲ့တဲ့ NCCT ခေါင်းဆောင်တွေဟာ “ဝ” ပြည် သွေးစည်း ညီ ညွတ်ရေး တပ်မတော်(UWSA) ရဲ့ ပန်ဆန်းအစည်းအဝေးကြောင့် ရှေ့တိုးမရ/နောက် ဆုတ်မရတဲ့ အခြေ အနေကို ရောက်ရှိသွားပါတယ်။

‘‘ကျွန်တော်တို့ ဒီအစည်းအဝေးခေါ်ယူရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိတိကျကျ တိတိလင်းလင်းနဲ့ကျွန်တော်တို့ ကြေညာချင် တယ်။ ဖော်ဆောင်ချင်တယ်။ ဒီအတွက်ကြောင့် ဒီမှာ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးဆိုတာ ခေါ်ယူကျင်းပခြင်း ဖြစ်တယ်’’ လို့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစိုးရဥက္ကဋ္ဌ၊ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေအတွင်းရေးမှူး၊ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ဦးစီးချုပ် ဦးပေါက်ယူချန် က ၎င်းနေအိမ်တော်ဧည့်ခန်းမဆောင်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ပေါက်ယူချန် ခေါင်းဆောင်တဲ့ အစည်းအဝေးကြောင့် ငြိမ်းချမ်းရေးမရဘဲ လက်ရှိအနေအထားတွေပါ ပျက်ခဲ့ရပါတယ်။

မတ်လ ၃၁ ရက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအသင်း NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အတည်ပြုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး NCA မူကြမ်းကို လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိတာ ကြောင့် လက်ခံနိုင်ခြင်း မရှိဘူးလို့ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပေါက်ယူချန်းက အစည်းအဝေး မှာပြောခဲ့ပါတယ်။

ပန်ဆန်းအစည်းအဝေးဟာ ငြိမ်းချမ်းရေး ဘာအထောက်အကူမှ မပြုတဲ့အပြင် NCCT အတွင်း မလိုလား အပ်တဲ့ သွေးကွဲမှုကိုသာ ဖန်တီးပေးလိုက်ခြင်းကြောင့် NCCT ဦးဆောင်ပဲ့ကိုင်သူများအတွက် နောက်တစ် မျိုး အရှက်ရစရာ ဖြစ်ရပြန်ပါတယ်။

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ဟာ NCCT အဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ လိုင်ဇာ ထိပ်သီးညီလာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဖူးခြင်းမရှိဘဲ ယခင်ဆွေးနွေးသဘောတူ ထားတဲ့ ရလဒ်များကို ကန့်ကွက်ခြင်းကြောင့် လက်မှတ်ထိုးထားတဲ့ NCCT ခေါင်းဆောင်တွေကို အရှက်ရစေခဲ့ ပါတယ်။

ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုဖြင့် နာမည်ပျက်နေခြင်းအား ဖုံးကွယ်နိုင်ခဲ့ခြင်း “၀” ပြည် သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA) ဟုဆိုလျှင် ဘိန်းနှင့် တွဲဖက်ပြီး တစ်ကမ္ဘာလုံး က ရှုမြင်ကြပါတယ်။ United Wa State Army (UWSA) ဟု Googling လုပ်ပါက ဘိန်းစိုက်ပျိုးမှုအကြောင်း မပါတဲ့ စာမျက်နှာ မတွေ့ရသလောက် ဖြစ်ပါတယ်။ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် များကို ယနေ့အချိန်ထိ အမေရိကန် ရဲတပ်ဖွဲ့စာမျက်နှာမှာ အလိုရှိကြောင်း ဒေါ်လာငွေများစွာနဲ့ ကြေညာ ထားဆဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့နာမည်ပျက်နေတဲ့ “ဝ” ခေါင်းဆောင်တို့ဟာ ၎င်းတို့ရဲ့နာမည်ပျက် များကို ပန်ဆန်းအစည်းအဝေးကနေ ဖုံးကွယ်နိုင်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များသာမက အစည်းအဝေးသို့ တက်ရောက် လာတဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များကို မေ ၅ ရက်က “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနဲ့ ဒေသဖွံ့ဖြိုးမှုများကို လိုက်လံပြသခဲ့ပါတယ်။ မိုင်းမောမြို့နယ် ခရီးစဉ်မှာ ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်သတင်းရယူနေတဲ့ မီဒီယာအဖွဲ့ များလည်း ပါဝင်ခဲ့ရာ “၀” ခေါင်းဆောင်တွေအတွက် မျှော်လင့်ထားသလို ဖြစ်သွားပါတယ်။

ဘိန်းစိုက်တယ်လို့ နာမည်ဆိုးရှိခဲ့တဲ့ “၀” ဒေသထဲမှာ လက်ဖက်၊ ရော်ဘာ၊ သစ်မွှေး၊ ထင်ရှူးတွေ စိုက်ပျိုး နေကြောင်း၊ လက်ဖက်က ဧက ၃ ထောင်ကျော်ရှိပြီး မိုင်းမောမှာ အများဆုံး စိုက်ပျိုးကြောင်း၊ ရာဘာဧက ကတော့ ၂ သိန်း ၇ သောင်း ရှိကြောင်း တရုတ်သံဝဲနေတဲ့ အမျိုးသမီးတစ်ဦးက လိုက်လံရှင်းလင်း ပြခဲ့ ပါတယ်။ ဒါပေမယ့် ၆ ရက်တာ ဆွေးနွေးပွဲကျင်းပချိန်နဲ့ တွေ့ဆုံမေးမြန်းပွဲပြုလုပ်နေစဉ် အချိန်များမှာတော့ ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးခြင်းရှိ/မရှိ၊ လတ်တလော ထိုင်းနိုင်ငံတွင်ဖမ်းမိနေတဲ့ “၀” ဒေသထွက် ဆေးပြားများ ကိစ္စ၊ တန်ထောင်ချီမူးယစ်ဆေးဝါးများနဲ့ UWSA ခေါင်းဆောင်များ ပတ်သက်မှု ကိစ္စများကို ရှင်းလင်းပြောဆို ခြင်း မရှိခဲ့ပါဘူး။

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးကို KIO ၊ KNPP ၊ KNU ၊ PSLF ၊ PNLO ၊ NMSP ၊ MNDAA ၊ AA ၊ RCSS ၊ SSPP နဲ့ NDAA တို့မှ အသုံးချခံ ကိုယ်စားလှယ်ပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဒေါက်တာမျိုးချစ်
ပုဂံအွန်လိုင်းမီဒီယာ

No comments:

Post a Comment