Friday 8 May 2015

KIA ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာ ရရှိ ခဲ့သော ဒေသခံများ မိုင်းလျော်ကြေး ပေးဆောင်ရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အတွင်းရှိ ဒေသခံလူငယ် ၂ ဦးသည် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် KIA အဖွဲ့ဝင်များမှ ပျက်စီးဆုံးရှုံးသွားသော မိုင်းတစ်လုံးတန်ဖိုးအား လာရောက် တောင်းရမ်း သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

မိုးညှင်းမြို့နယ်၊မိုင်းနောင်ကျေးရွာ၊ မြနန္ဒာရပ်ကွက်တွင် နေထိုင်သော မောင်ဖြိုးဝေအောင် အသက် ၂၀ နှစ်နှင့် မောင်ကိုကိုအောင် အသက် ၂၁ နှစ်တို့ ၂ ဦးသည် မိုင်းနောင်ရွှေမှော်မှ မိုင်းနောင်ကျေးရွာသို့ လမ်းလျှောက် ပြန်လာစဉ် ဧပြီလ ၁၄ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့်တွင် လူးလာချောင်း အနီး အရောက်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်း တစ်လုံးအား နင်းမိပေါက် ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မိုးညှင်း ပြည်သူ့ဆေးရုံ တွင် တက်ရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း မိုးညှင်းရဲစခန်း တာဝန်ရှိသူ တစ်ဦးမှ လည်း ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မေလ ၄ ရက်နေ့ ည ၇ နာရီအချိန်တွင် KIA အဖွဲ့ဝင်များသည် မိုင်းနောင်ကျေးရွာသို့ ရောက် ရှိလာပြီး မိုင်းနင်းမိသူ ၂ ဦး၏ မိသားစုများထံမှ ၎င်းတို့ထောင်ထားသော မိုင်းအားနင်းမိပေါက်ကွဲ ခဲ့သဖြင့် မိုင်းတစ်လုံး ပျက်စီးဆုံးရှုံးသွားသောကြောင့် မိုင်းတန်ဖိုးအတွက် ငွေကျပ် ၃ သိန်းအား ခြိမ်းခြောက် တောင်းရမ်းသွားကြောင်း မိသားစု ၀င်တစ်ဦးမှလည်း ပြောပြပါသည်။

KIA အဖွဲ့အနေဖြင့် ကျေးရွာများအနီးတွင် မိုင်းများနေရာ အနှံ့ထောင်ထား မှုကြောင့် ဒေသခံများ မကြာ ခဏ နင်းမိ ပေါက်ကွဲ ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ဒဏ်ရာရရှိသူများအား KIA အဖွဲ့မှ ဆေးကုသ စရိတ်မပေးသည့်အပြင် ပေါက်ကွဲခဲ့သော မိုင်းတန်ဖိုးအား ခြိမ်းခြောက်တောင်း ရမ်းမှု များကြောင့် ဒေသခံများမှာ “မိအေးနှစ်ခါနာ” ဆိုသ လိုဖြစ်နေကြ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

စိုင်းထွန်းကျော်(မိုးညှင်း)
Credit >>> Kachin Daily News 

No comments:

Post a Comment