Tuesday 7 April 2015

ကျေးရွာအုပ်ချုပ်ရေးမှူးများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းပေးရန် ခြိမ်းခြောက်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပွဲစားကျေးရွာသို့ ဧပြီလ ၅ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကျေးရွာအတွင်းမှ လူသစ်စုဆောင်းပေးရန် ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း ဒေသခံ ရွာသားများထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါအဖွဲ့သည် ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင် ပင်လုံမြို့နယ်ခွဲရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား ခေါ်ယူတွေ့ ဆုံပြီး ကျေးရွာအတွင်းရှိ အသက် ၁၆ နှစ်မှ အသက် ၄၀ နှစ်ကြားရှိ အမျိုးသား အားလုံး ရှမ်းပြည်တပ်မတော်တွင် မဖြစ်မနေ တာဝန်ထမ်းဆောင် ရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ဒီအဖွဲ့တွေ လူသစ်ခဏခဏ လာတောင်းတယ်ဗျ။ အခု သူတို့ပြောပုံအရဆို ရွာထဲမှာ ယောက်ျားတွေ မနေရတော့မလို ဖြစ်နေပြီ။ အသက် ၁၆ နဲ့ ၄၀ ကြားဆို တော်တော်များများ ပါကုန်ပြီ။ လူရွယ်၊ လူလတ် တွေ အကုန်လုံး သူတို့အဖွဲ့ထဲမှာ ၀င်လုပ်ရမလိုဖြစ်နေပြီ။ ခက်တာက သူတို့အဖွဲ့ထဲကို ဘယ်သူမှ ၀င်မလုပ် ချင်ကြဘူး။ စိတ်ပျက်စရာ ကောင်းတယ်ဗျာ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ အဆိုပါ လူသစ်စုဆောင်းမှုကြောင့် ဆနင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ရွာသား များမှာ တစ်ခြားမြို့များသို့ ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း သိရှိရသည်။

“ည ၈ နာရီလောက်ကြီး သူတို့အဖွဲ့တွေ ရွာထဲကို ရောက်လာတာ။ သူတို့စားဖို့ သောက်ဖို့ကို လုပ်ပေးရ တယ်။ ဆက်ကြေး ကောက်လည်း ပေးရ တယ်။ လူသစ်လည်း စုခိုင်းတယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်ရဘူး။ သူတို့အလုပ်တွေပဲ လုပ်ပေးနေရတယ်။ အခု ရွာသားတွေက လူသစ် မလုပ်ချင်လို့ ထွက်ပြေးကုန်ကြပြီ။ ကျွန်တော် လည်း တောင်ကြီး ဘက်ကို တစ်လလောက် သွားနေမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ပန်ပွဲစား ကျေးရွာနေ ရွာသားတစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသော RCSS/SSA အဖွဲ့၏ လူသစ် စုဆောင်းမှုများသည် ငြိမ်းချမ်းရေး လက် မှတ် မထိုးခင်ကပင် အဆမတန် ပိုမိုများပြားလာသောကြောင့် ဒေသခံရွာသားများ အနေဖြင့် နေရပ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နှင့် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ပင်လုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသွားသည်။ 

ဆိုင်ခမ်း
Shan News

No comments:

Post a Comment