Tuesday 7 April 2015

Asia World ကုမ္ပဏီ စီမံကိန်းမြေကို ပန်းခြံဆောက်မည်


အများပြည်သူ အနားယူအပန်းဖြေနိုင်ရန်အတွက် ကြည့်မြင့်တိုင် ကမ်းနားလမ်းမကြီး၏ ဘေးဗားကရာ လမ်းထိပ်မှဈေးကြီးလမ်းထိပ်အထိ အရှည်ပေ (၁၁၀၀) ခန့်ရှိသော နောက်ခံမြေ ဧရိယာ (၂) ဧကခန့်အား ပန်းခြံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြေပေါ်တွင် Asia World Port Management Co.,Ltd မှ စားအုန်းဆီ သိုလှောင်ကန် (၆) လုံး ဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ တင်ပြထားသော်လည်း စည်ပင်ပိုင်မြေဖြစ်သဖြင့် ပန်းခြံသာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။
အဆိုပါမြေနေရာအား ၂၀၁၅-၁၆ ခုနှစ်တွင် မြေဖို့ခြင်း၊ မြေညှိခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့် ပန်းခြံအဖြစ် တည်ဆောက်ပြီး အများ ပြည်သူအပန်းဖြေနိုင်ရန် River view အနေဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
‘ဒီလိုနေရာမျိုး ဘယ်မှာမှမရှိဘူး၊ ဒီလိုမျိုး River View နဲ့ အရမ်းလှတယ်။ မကြာခင်မှာ တံတားကြီးတစ်ခု ထိုးမယ်လည်း ကြားနေရတယ်။ တံတားကြီးရဲ့ အလှနဲ့ဆို အရမ်းလှတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၅) ကလည်း ဒီပန်းခြံကို အကောင်းဆုံးလုပ်ပေးပါ့မယ် ပြောတယ်၊’ ဟု ၄င်းက ဆိုသည်။
အဆိုပါမြေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဧပြီလ (၇) ရက်နေ့တွင် လာရောက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ လုံးဝ (လုံးဝ) မကျူးကျော်ရဟူသည့် ဆိုင်းဘုတ်များ ကပ်ခဲ့ပြီး Asia World Part Management ကုမ္ပဏီမှ တည်ဆောက်ထားသော အိမ်အချို့ကိုလည်း ဖယ်ရှားခိုင်းထားသည်ကို တွေ့ရသည်။
အဆိုပါမြေအား Asia World ကုမ္ပဏီမှ လွန်ခဲ့သော ၁၅နှစ်ခန့်က သိမ်းယူခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ သုံးကြိမ်တိုင်ဖယ်ရှားရန် အကြောင်း ကြားခဲ့ရကြောင်း သိရသည်။
ကျော်သက်ခိုင်
The Myanma Age

No comments:

Post a Comment