Tuesday 7 April 2015

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တိုက်ပွဲအသစ်များ ထပ်ဖြစ်မည်ဟုဆို

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း နောက်ဆုံးအတည်ပြု ပြင်ဆင်ပြီး၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံတောင်းဆိုချက်များနှင့် ကွဲလွဲမှု ကြီးမားပါက တိုက်ပွဲအသစ်များ ထပ်မံဖြစ်လာနိုင်သည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှုများနေတယ် ဆိုရင် အလကားဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်။ ကော်မတီရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးဘူး။ ပုံစံမျိုးစုံ ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

အမျိုးသားလွှတ်တော်မှ ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဧပြီလ ၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။
ယင်းဥပဒေကြမ်း အတည်ပြုနိုင်ရေးအတွက် ဒေါက်တာချမ်းငြိမ်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမောင်မောင်ဝင့်၊ ဒေါက်တာမြဦး၊ ပါမောက္ခ ဦးသန်းနွယ်၊ ဒေါက်တာခိုင်မြဲ၊ အငြိမ်းစား အခြေခံပညာညွှန်/ချုပ် ဦးဘိုဝင်းနှင့် ကော်မရှင်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ဆင်ချက်အဆို တင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်များက ဧပြီလ ၆ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီတွင် ကြိုတင်ညှိနှိုင်းခဲ့ကြကြောင်း ၎င်းကဆိုသည်။
“လေးပွင့်ဆိုင်က သဘောတူထားတဲ့ အချက်တွေကို အခြေခံပြီး ထည့်သွင်းဆွေးနွေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုပါတယ်” ဟု မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ဌာန ကထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။
အဆင့်မြင့်ပညာရေး ညှိနှိုင်းဆောင်ရွက်ရန် လွတ်လပ်စွာ ရပ်တည်သော ကော်မတီတစ်ခုကို ဖွဲ့စည်းပေးနိုင်သည်ဟူသော အချက်တွင် အမြဲတမ်းကော်မတီ မလိုအပ်ဟု ယူဆကြောင်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောဆိုသည်။
အမျိုးသားလွှတ်တော်မှ ပေးပို့ထားသော ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်း၌ ဆရာသမဂ္ဂများမှ ရွေးချယ်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ပညာရှင်နှစ်ဦး၊ ကျောင်းသားသမဂ္ဂများမှ ရွေးချယ်သည့် ပညာရှင်နှစ်ဦး ထည့်သွင်းထားချက်နှင့် ကော်မရှင်မှ ဖွဲ့စည်းမည့် အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီ ဖွဲ့စည်းရမည့် အချက်အပါအဝင် ဥပဒေကြမ်းမှ အချက် ၂၃ ချက်ကို ပယ်ဖျက်၍ ၃၃ ချက်ကို ပြင်ဆင်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဧပြီလ ၂ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းထားခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ဖြည့်စွက်ချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပြင်ဆင်ချက်အဆို တင်သွင်းထားပြီး ၎င်းတို့ အဆိုပြုချက်နှင့် ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက် ကိုက်ညီမှု မရှိပါက လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးစောလှထွန်းက ပြောကြားသည်။
ယင်းဥပဒေကြမ်း တစ်ခုလုံးကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီးပါက ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံအတည်ပြုချက် ရယူသွားရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင်များက ဆိုသည်။
The Voice Weekly

No comments:

Post a Comment