Tuesday 7 April 2015

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်



တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေး ထိုးနိုင် ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်တွင် ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် "အပစ်အခတ်ရပ်စဲကြ၊ ပြည်သူ့ဆန္ဒ၊ အပစ်အခတ်အမြန် ရပ်စဲပေးပါ၊ ငြိမ်းချမ်းရေးကို လိုလားပါသည်၊ လူထုအားလုံးအေးချမ်းစွာနေ လိုသည်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်းအား ထောက်ခံ ပါသည်"စသည့် လက်ကိုင်ပိုစတာ များကိုင်ဆောင်၍ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းမှုခိုင်မာရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်ရမည်"ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြ ကြောင်းသိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲသို့ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂) ရပ်ကွက်နှင့် ကျေးရွာများမှ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ ကိုးကန့်၊ တောင်ရိုး၊ တိုင်းရင်းသားပေါင်းစုံ အင်အား(၃၀၀၀၀) ခန့်ပါဝင်၍ စုရပ်ဖြစ်သည့် အ.ထ.က(၈)၊ အ.ထ.က(၄)၊ အ.ထ.က(၁)၊ ချမ်းသာရပ်ကွက်၊ EPC ရုံးရှေ့တို့တွင် စုရပ်များပြုလုပ်ကာ တောင်ကြီးမြို့၊ ပြည်နယ် အားကစား ဘောလုံးကွင်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို "ငြိမ်းချမ်းရေးသည် ကျွန်တော်တို့ပြည်သူတွေ လိုလားအတောင့်တဆုံး သောအရာ၊ အလိုချင်ဆုံးသောဆန္ဒဖြစ်တာနှင့်အညီ ယနေ့ကျွန်တော်တို့ရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်သည် ရောင်ခြည် အလင်းတန်းများ လင်းလက်တောက်ပလာပြီဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် စိတ်ချမ်းမြေ့စွာနေထိုင်နိုင်ဖို့ ကျန်းမာပျော်ရွှင်၊ ဖွံ့ဖြိုးတိုးတက်သည့်ဘ၀များ ထာဝရပိုင်ဆိုင် ခံစားနိုင်ရန် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူမူကြမ်းအတည်ပြု လက်မှတ်ရေး ထိုးခြင်းကို တစ်ခဲနက် ထောက်ခံကြိုဆိုကြပါစို့လို့" ရှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့မှ ဦးစိုင်းဆေဟန်က ပြောကြားသည်။
မြန်မာနိုင်ငံသည် "တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ အတူတကွလက် တွဲပြီး၊ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျွန်တော် တို့နိုင်ငံ သည် လွတ်လပ်ရေးရရှိပြီးကတည်းက ရောင်စုံသောင်းကျန်း သူများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ စစ်ဘေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက် ကျခဲ့ရ ပါကြောင်း၊ ယနေ့ နိုင်ငံတော် မှ ရှေ့ဆက်လျှောက်လှမ်းနေသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်နိုင်ငံလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ပူးပေါင်းလက်တွဲကာ အပစ်အခတ်ရပ်စဲရေးကို တစ်ခဲနက်ထောက်ခံ ကြိုဆိုကြပါစို့ လို့" အင်းတိုင်းရင်းသား ဦးမျိုးနိုင်ကပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းတိုင်းရင်းသား ဦးခွန်မောင်ထွန်းက "နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သမိုင်းမော်ကွန်းတင် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကြီးမားသော မျှော်လင့်ချက်များ ထားရှိ၍ ပြည်သူတစ်ရပ်လုံး အေးအေးချမ်းချမ်းနှင့် တရားဥပဒေစိုးမိုးမှုအောက် မှာနေထိုင်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံသစ်ကို ဆက်လက်လျှောက်လှမ်းရာတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို ၀ိုင်းဝန်းထောက်ခံသောအားဖြင့် တောင်ကြီးမြို့နယ် တိုင်းရင်းသားညီအစ် ကိုမောင်နှမများနှင့် လုပ်သား ပြည်သူတစ်ရပ်လုံးမှ သောင်းသောင်းဖျဖျကြို ဆို၍ ကြွေးကြော်သံများနှင့် ရုပ်သိမ်းလိုက်ကြပါစို့လို့ ပြောကြားသွား ကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို အေးချမ်းစွာဖြင့်ပြုလုပ်ကြပြီး၊ နံနက်(၁၀)နာရီ တွင် ပြီးစီး သွားကြောင်းနှင့် ဆန္ဒထုတ်ဖော် တိုင်းရင်းသားပြည်သူများအား ရာစုသစ် လူမှုစောင့်ရှောက်ရေးနှင့် သွေးလှူရှင်အသင်းမှ ဖျော်ရည်နှင့် မုန့်များ ဝေငှပေး ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment