Tuesday 7 April 2015

မော်လမြိုင်အကျဉ်းထောင် အဆောက်အဦးနှင့် မြေနေရာအားပုဂ္ဂလိကသို့ ရောင်းချရန်မရှိ

မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင် အဆောက်အဦးများနှင့် မြေနေရာများအားပုဂ္ဂလိက အဖွဲ့အစည်း များသို့ ရောင်းချရန် အစီအစဉ်မရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဌေးမြင့်အောင်က ပြောသည်။

မွန်ပြည်နယ် အကျဉ်းဦးစီးဌာန အောက်ရှိမော်လမြိုင်အကျဉ်းထောင်ကို ပုဂ္ဂလိကအဖွဲ့အစည်းသို့ ရောင်းချ ထားမှု ရှိ၊ မရှိကိုဧပြီလ ၇ ရက်နေ့တွင် ကျင်းပနေသည့် ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၌ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးအောင်နိုင်ဦး၏ မေးမြန်းမှုအပေါ် နယ်/လုံ ဝန်ကြီးကယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်အကျဉ်းထောင်သည် မော်လမြိုင်မြို့၏ ကျယ်ပြန့်စည်ကားလာသော မြို့ကွက်အနေအထားအရ မြို့လယ်သို့ ရောက်ရှိလာခြင်း၊ မြို့ကျက်သရေဆောင် ကျိုက်သလ္လံဘုရားကြီး၏ ပရဝုဏ်ရှုခင်းအတွင်း နီးကပ်စွာ ကျရောက် နေခြင်းကြောင့် မော်လမြိုင်အကျဉ်းထောင်အားပြောင်းရွှေ့နိုင်ရန် ကျိုက်မရော မြို့နယ် ရေတွင်းကုန်းကျေးရွာအနီးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ အကျဉ်းထောင်သစ်ကို ဆောက်လုပ်ခဲ့သည်။

အကျဉ်းထောင်သစ်နေရာသို့ ရွှေ့ပြောင်းပြီးပါက မော်လမြိုင် အကျဉ်းထောင် သည် ပြည်ထဲရေးဝန်ကြီး ဌာနပိုင်မြေဖြစ်၍ မြို့ပြဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက် သွားမည်ဟုလည်း ဗိုလ်မှူးကြီးဋ္ဌေးမြင့်အောင်က ဖြေကြားထားသည်။

“ပုဂ္ဂလိကိုမလွှဲဘူးဆိုတာကတော့ ကျွန်တော်တို့အတွက်ကတော့ ကောင်းပါတယ်” ဟုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကပြောသည်။ လက်ရှိတွင် ဘုန်းကြီးပျံပွဲ၊ ပြည်ထောင်စုနေ့၊ မွန်ပြည်နယ် နေ့ စသည့် အခမ်းအနားများ ပြုလုပ်ရန် မြေနေရာရှားနေသည့်အတွက် ယင်းအကျဉ်းထောင်နေရာတွင် လုပ်သင့်သည်ဟု မြင်ကြောင်း ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

အကျဉ်းထောင်သစ်ကိုဘဏ္ဍာရေးနှစ် ၃ နှစ်စီမံချက်ဖြင့် ဆောက်လုပ်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ရရှိသည့် ဘဏ္ဍာငွေပေါ် မူတည်ပြီး ထောင်သစ်အဆောက်အဦးများကို အပြီးသတ်ဆောက်လုပ် သွားရန် စီမံဆောင်ရွက်ထားကြောင်းသိရသည်။

အကျဉ်းထောင်သစ်ကိုမွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအနီးကွင်းအမှတ် (၅၈၆) နှင့် (၅၉၀) ရှိမြေဧက (၂၅၆ ဒသမ ၆၆) နေရာတွင် တည်ဆောက်လျက်ရှိသည်။

Dawei Watch
The Myanmar Age

No comments:

Post a Comment