Tuesday 7 April 2015

အေးရွာတွင် တံတားထိုးမည် ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြန်လည်လှုပ်ခတ်ဟုဆို

ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာတို့ကို မြစ်ကူးတံတား တည်ဆောက်မည် ဆိုခြင်းကြောင့် အဆိုပါကျေးရွာရှိ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာကြောင်း အဆိုပါ ကျေးရွာ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းထံမှ သိရသည်။

ပြီးခဲ့သည့် သုံးလခန့်က တံတားတည်ဆောက်မည့် သတင်းကြောင့် အဆိုပါ ကျေးရွာအတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ နှစ်ဆခန့်အထိ မြင့်တက်ခဲ့ပြီး ယင်းကာလနောက်ပိုင်း အရောင်းအဝယ် အေးစက်ခဲ့ရာမှ ယခုအခါ အရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာခြင်း ဖြစ်ကြောင်း အဆိုပါ အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ သိရသည်။

“မဆောက်ခင်ကတော့ အဝယ်အရမ်းများပြီး ဈေးတွေတက်ခဲ့တယ်။ ပြီးတော့ ပြန်အေးသွားပြီးတော့ အခု နည်းနည်းပြန်လှုပ်လာတယ်။ အဝယ်တွေ ပြန်ဆင်းလာကြတယ်” ဟု လှိုင်သာယာမြို့နယ် အခြေစိုက် အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ဆိုသည်။

အဆိုပါကျေးရွာတွင် တံတားထိုးမည် ဆိုသော်လည်း ဘတ်ဂျက်မည်မျှဖြင့် ဆောက်လုပ်မည် ဆိုသည်ကိုမူ သိရှိနိုင်ခြင်း မရှိခြင်းကြောင့် ဝယ်သူအချို့မှ လက်တွန့်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ဈေးက ဟိုးအရင်ကထက် တက်လာတော့ ရောင်းချင်တဲ့သူတွေက များနေပါတယ်” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း အမှုဆောင်အရာရှိ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

အဆိုပါ မြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ကျပ်သိန်း ၂၅၀ ဝန်းကျင်ခန့် ရှိပြီး ယခင်က ကျပ် သိန်း ၁၀၀ ဝန်းကျင်သာ ရှိကြောင်း အဆိုပါကျေးရွာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ သိရ သည်။

ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် လှိုင်မြစ်ကူး တံတားကို ပေ ၈၀၀၀ ခန့် (မီတာ ၂၆၅၇) အရှည်တည်ဆောက်ရန် စီစဉ်ထားပြီး မဟာရန်ကုန် ဖွံ့ဖြိုး တိုးတက်ရေး (၂၀၄၀) စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကာ အသေးစိတ် ဖြစ်မြောက်နိုင်ရေးကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြား ထားသည်။

The Voice Weekly

No comments:

Post a Comment