Tuesday 7 April 2015

သေတ္တာများထဲ ထည့်ပြီး ပန်းခြံအတွင်း လာပစ်သွားသည့် အလောင်းများကိစ္စ အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများကို သေတ္တာထဲထည့်ပြီး လူစည်ကားရာ ပန်းခြံ ထဲသို့ လာပစ်သွားသည့် ဖြစ်ရပ်အတွက် အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရှိရသည်။

ဆိုနီပတ်ရှိ အများပြည်သူ လည်ပတ်ရာ ပန်းခြံတစ်ခုတွင် စုံတွဲဟု ယူဆရသူ နှစ်ဦး၏ အလောင်းများကို သတ္တုသေတ္တာ တစ်လုံးစီတွင် ထည့်ကာ လာပစ်သွားခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စသည် အိန္ဒိယ လူ့အဖွဲ့ အစည်း၏ အငြင်းပွားဖွယ် ပြဿနာ တစ်ရပ်ဖြစ်သည့် ဂုဏ်သိက္ခာအတွက် စတေးသတ်ဖြတ်မှု တစ်ခုဟု ရဲများက ယူဆထားသည်။

အသက်(၂၀)ကျော် အရွယ်ရှိ လူနှစ်ဦး၏ အလောင်းများမှာ မည်သူမည်ဝါ မသိရှိရသေးဘဲ ရင်ခွဲစစ်ဆေး မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ရဲများက ဆိုသည်။ ဧပြီ ၆ ရက်က အလောင်းများကို တွေ့ရှိချိန်တွင် အမျိုးသား၏ ခြေထောက်များကို ခုတ်ဖြတ်ပြီး သေတ္တာထဲတွင် ပြန်ထည့်ထားသည်ကို ရဲများက စစ်ဆေး တွေ့ရှိခဲ့သည်။ အမျိုးသမီးမှာမူ လက်ထပ်ထားသည့် အထိမ်းအမှတ်အဖြစ် ဆင်မြန်း အသုံးပြုလေ့ရှိသည့် ဖန်လက်ကောက်များ ဝတ်ထားသည်ကို တွေ့ရသည်။ နှစ်ဦးစလုံးမှာ သေတ္တာထဲတွင် ဝတ်လစ်စားလစ်ဖြင့် ထည့်သွင်းခံထားရခြင်း ဖြစ်သည်။

“နှစ်ယောက်စလုံးကို သတ်ပစ်ပြီး ဒီမှာ လာပစ်သွားတာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေ ဆိုတာတော့ ကျွန်တော် တို့ စုံစမ်းနေတုန်းပဲ။ အမျိုးသမီးက မင်္ဂလာဆောင် အထိမ်းအမှတ် ဖန်လက်ကောက်တွေ ဝတ်ထားပုံ အရ ဒါဟာ မိသားစု ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု တစ်ခုလို့ပဲလို့ ယူဆပါတယ်။ ဒါပေမဲ့ တခြားဖြစ်နိုင်ခြေ အားလုံးကိုလည်း ကျွန်တော်တို့ ထည့်တွက်ရမှာပါ”ဟု ရဲအရာရှိ ပရာဗင်း ကူမာက AFPသို့ ပြောကြားခဲ့သည်။

အိန္ဒိယတွင် အမျိုးဇာတ် ခွဲခြားမှု အလွန်ပြင်းထန်ရာ မိသားစု သဘောမတူသူနှင့် ချစ်ကြိုက်လက်ထပ်ပါက မိသားစု သိက္ခာကို အဖတ်ဆည်သည့် အနေဖြင့် လုပ်ကြံ သတ်ဖြတ်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။ အိန္ဒိယ လူ့အဖွဲ့အစည်းတွင် မိဘအများအပြားက ၎င်းတို့၏ သားသမီးများကို စိတ်တိုင်းကျ အိမ်ထောင်ဘက် ရွေးချယ်ခွင့် မပေးဘဲ ဝင်ရောက်စွက်ဖက် စီမံနေဆဲ ဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းကလည်း အိန္ဒိယ ရဲတပ်ဖွဲ့သည် မျိုးနွယ်ဇာတ် မတူသူ တစ်ဦးနှင့် ချစ်ကြိုက်နေသည့် ဆယ်ကျော်သက် သမီးအရင်းကို သတ်ဖြတ်မှုဖြင့် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့သေးသည်။

7Day DAILY 

No comments:

Post a Comment