Tuesday 7 April 2015

နစ်မြုပ် ရုရှား ငါးဖမ်းသင်္ဘောသို့ မြန်မာ ၄၂ ဦး စေလွှတ်သည့် ကုမ္ပဏီ ၅ ခု အရေးယူခံရ

ရုရှားအရှေ့ဖျားဒေသ Okhotsh Sea အတွင်း ဧပြီလ၂ ရက်နေ့ က နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၄၂ ဦး ပါရှိ အလုပ်လုပ်ကိုင်ခဲ့ရာ ယင်းသင်္ဘောတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံသား များကို တရားမ၀င် စေလွှတ်ခဲ့သည့် ပြည်တွင်း သင်္ဘောသားအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ ၅ ခုကို လုပ်ငန်း လုပ် ကိုင် ခွင့် အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား သင်္ဘော သား ၄၂ ဦးကို ပြည်တွင်း သင်္ဘောသားအလုပ် အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၅ ခုက ရုရှား ငါးဖမ်း သင်္ဘော Dalny Vostok သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ပို့ဆောင်ရာတွင် Sea Rider ကုမ္ပဏီက မြန်မာသင်္ဘောသား ၂၇ ဦး ၊ Top Chance ကုမ္ပဏီက ၂ ဦး၊ Asia Wave ကုမ္ပဏီက ၈ ဦး ၊ Light Oasis ကုမ္ပဏီက ၁ ဦး၊ Star Global ကုမ္ပဏီက ၄ ဦး တရားမ၀င် စေလွှတ်ခဲ့ကြောင်း၊ သင်္ဘောနစ်မြုပ်သွားချိန်တွင် မြန်မာနိုင်ငံသား ၄၂ ဦးအနက် ၂၂ ဦး အသက်ရှင် ကျန် ရစ်ပြီး ၁ ဦးကွယ်လွန်ခဲ့ကာ ၁၉ ဦး ပျောက်ဆုံးသွားကြောင်း သိရှိရသည်။
အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား ဌာနခွဲသည် သင်္ဘောသား အလုပ်အကိုင်ဝန်ဆောင်မှုကုမ္ပဏီများကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုလျုက်ရှိသော်လည်း ငါးဖမ်းသင်္ဘောများသို့ မြန်မာနိုင်ငံ သား သင်္ဘောသားများကို ပို့ဆောင်ခွင့်မပြုကြောင်း၊ သင်္ဘောသား အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၅ ခုသည် ခွင့်ပြု ချက်မရှိဘဲ ရုရှငါးဖမ်းသင်္ဘောသို့ မြန်မာသင်္ဘောသားများ ပို့ဆောင်ခဲ့သည့်အတွက် လုပ်ငန်းဆောင်ရွက်ခွင့် ဧပြီလ ၃ ရက် နေ့ မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
“ကျနော်တို့ကို တင်ပြထားတာက သင်္ဘောတစီး၊ သူတို့တင်ပေးလိုက်တာက တခြားသင်္ဘောတစီး ဖြစ်တဲ့အတွက် ကျနော်တို့ ဌာနကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့တယ်။ တခြားသင်္ဘောတစီးပေါ် တင်ပေးလိုက်ရင် ကျနော်တို့ကို သတင်း ထပ်ပို့ရ မယ်။ အဲဒါလည်း ပျက်ကွက်ခဲ့တယ်။ အဲဒီသင်္ဘောကလည်း ကျနော်တို့ဌာနက ခွင့်ပြုထားတဲ့ သင်္ဘောဖြစ်ရမယ်။ အဲဒီလို ဖြစ်အောင်လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြရမယ်။ အဲဒါတွေ အားလုံးပျက်ကွက်တဲ့အတွက် ရပ်ဆိုင်း လိုက်တာပါ ” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနလက်အောက်ရှိ သင်္ဘောသားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသား အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီပေါင်း ၁၆၁ ခုရှိပြီး ရုရှ ငါးဖမ်းသင်္ဘောသို့ မြန်မာ သင်္ဘောသား စေလွှတ် သည့် ကုမ္ပဏီ ၅ ခုမှာ ပထမဆုံးအကြိမ် လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ ကျနော်တို့ ဆောင်ရွက်မှုရဲ့ အကျိုးကို ကျနော်တို့ ခံစားရတယ်လို့ပဲ ပြောနိုင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ သင်္ဘောသား အလုပ်အကိုင် ရှားပါးလာတာက ဒီလို သက်သက်သာသာနဲ့ သင်္ဘောတက် နိုင်ဖို့ကို တွန်းပို့လိုက်တယ်လို့ပဲ ပြောနိုင်ပါ တယ် ။ အခု ဖြစ်ပျက်သွားတဲ့ နောက်ဆက်တွဲအခြေအနေအားလုံးကိုတော့ ကျနော်တို့ ကုမ္ပဏီက ဆက်လက်လုပ်ဆောင် ဖို့ ကြိုးစားနေပါတယ်။ သင်္ဘောသားတွေ မနစ်နာအောင် သက်ဆိုင်ရာအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ” ဟု Sea Rider ကုမ္ပဏီမှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးစိုးတင့်က ပြောသည်။
လက်ရှိ နောက်ဆုံးအခြေအနေအရ ကယ်ဆယ်လာသည့် သင်္ဘောသားများ တင်ဆောင်ထားသည့် ကယ်ဆယ်ရေး သင်္ဘော Spravedlivi နှင့် Andromedo တို့သည် ဧပြီလ ၇ ရက်နေ့တွင် Sakhalinမြို့ Korsakovဆိပ်ကမ်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဦးအောင်ကျော်မိုး ပြောကြားချက်အရ သိရသည်။
“ လက်ရှိ ကျနော်တို့ ဆက်သွယ်မိတဲ့ အခြေအနေအရတော့ ကယ်ဆယ်ထားတဲ့ မြန်မာသင်္ဘောသားတွေရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်ရတဲ့ အဆင့်ကျော်သွားပြီလို့ သိရပါတယ်။ ပျောက်ဆုံး မြန်မာ ၁၉ ဦးကို သေဆုံး၊ ပျောက်ဆုံး အတည်ပြုနိုင် ဖို့က ကယ်ဆယ်ရေး သင်္ဘောဆိုက်ကပ်မှ ကျနော်တို့ သွားရောက် စစ်ဆေးရမှာပါ။ အခုချိန်မှာ အတိအကျ မပြော နိုင်သေးပါဘူး။ လက်ရှိ ကျနော်တို့ဆီကို ကုမ္ပဏီနှစ်ခုပဲ ဆက်သွယ်မေးမြန်းတာ ရှိပါတယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။
ရုရှားငါးဖမ်းသင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးသွားသူများအတွက် ရုရှားအလုပ်သမားဝန်ကြီးဌာနက ရုရှားငွေရူဘယ် တသန်း (အမေရိကန် ဒေါ်လာ ၁၇၅၀၀ ကျော်) ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီ

No comments:

Post a Comment