Friday 13 March 2015

ကေအိုင်အေ၊ သမ္မတနှင့် ကာချုပ်တို့ မတွေ့ဖြစ်တော့ဘူးလား

ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ၊ သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မတ် လ ၁၂ ရက်တွင် တွေ့ဆုံရန် လျာထားထားသော်လည်း မတွေ့ဆုံဖြစ်သေးဘဲ ဖြစ်နေသည်။ယင်းအပြင် လာမည့် မတ်လ ၁၆ရက်တွင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပမည် ဖြစ်သည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ကေအိုင်အို မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ် ဖော်ပြလိုက်သည်။


အမေး။ ။ KIO ကိုယ်စားလှယ်တွေ နေပြည်တော်၊ ရန်ကုန်သွားမယ့် ခရီးစဉ်က သေချာသွားပြီလား။
အဖြေ။ ။ ကျွန်တော်တို့ နေပြည်တော်သွားဖို့ အစီအစဉ်တော့ မရှိပါဘူး။ NCCT နဲ့ UPWC ဆွေးနွေးပွဲမှာ ကေအိုင်အေကို လေ့လာသူအနေနဲ့ ပါဝင်တက်ရောက်ဖို့ ရှိတယ်။ မြစ်ကြီးနား၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် ခရီးစဉ်တွေ သွားဖို့ပါ။ နေပြည်တော်ကို သွားပြီး ဆွေးနွေးပွဲလုပ်မယ်ဆိုတာ ကတော့ မဟုတ်ပါဘူး။ နေပြည်တော်ကနေ ဖြတ်သွားရုံလေးပါ။
ကျွန်တော်တို့ ဖြတ်သွားတဲ့အခါမှာ ကေအိုင်အို ကိုယ်စားလှယ်တွေထဲမှာ ဗဟိုကော်မတီဝင်တွေ ပါဝင်တဲ့အတွက်ကြောင့် နေပြည်တော်မှာ ရှိတဲ့ အာဏာရ သက်ဆိုင်ရာ အစိုးရ ပုဂ္ဂိုလ်တွေကနေပြီးတော့ တကယ်လို့များ နုတ်ဆက်၊ တွေ့လိုက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တွေ့ပြီး နုတ်ဆက်ပြီး ဖြတ်သွားဖို့ပါပဲ။ တခြားအစီအစဉ်အနေနဲ့ နေပြည်တော်မှာ သီးခြားဆွေးနွေးဖို့ သတ်မှတ် ထားချက်တွေတော့ မရှိပါဘူး။
ဒါပေမဲ့ ဒီလ ၁၆ ရက်မှာ တွေ့မယ့် ဆွေးနွေးပွဲကို သွားနိုင်ရေးအတွက် ကျွန်တော်တို့ ညှိနေတုန်းပါ။ လိုင်ဇာ-နမ်ဆန်ယန်- မြစ်ကြီးနားသွားဖို့ အစီအစဉ်လုပ်ထားပေမယ့် သက်ဆိုင်ရာက သွားခွင့်မပြုတဲ့အတွက်ကြောင့် တခြားလမ်းကြောင်း ကနေပြီးတော့ သွားနိုင်အောင်၊ လုံခြုံရေးကိစ္စ အပါအဝင် အားလုံးကို ညှိနှိုင်းနေတုန်းပါ။
အမေး။ ။ ခုထိ သွားဖို့ အစီအစဉ် မဖြစ်နိုင်သေးတာလဲ။ ဘာကြောင့် ကြန့်ကြာနေတာလဲ။
အဖြေ။ ။ အဓိက ကြန့်ကြာမှုက ခရီးလမ်းကြောင်းပါ။ ကျွန်တော်တို့ဘက်ကတော့ ခါတိုင်းပုံမှန်အတိုင်းပဲ လိုင်ဇာကနေ မြစ်ကြီးနား၊ အဲဒီကနေ မန္တလေးကို ဆင်းမယ်။ အဲဒီအစီအစဉ်က MPC ကနေ လက်ခံထားတယ်။ လေယဉ် လက်မှတ်က အားလုံးဝယ်ပြီးသွားပြီ။ ဒါပေမဲ့ အချိန် နီးကပ်လာတဲ့အခါကျမှ တပ်ပိုင်းဆိုင်ရာကနေ ဒီကိစ္စက ခွင့်မပြုနိုင်ဘူး၊ ကချင်ပြည်နယ် အစိုးရကတော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမဲ့ တပ်ပိုင်းဆိုင်ရာက အဲဒီဘက် လုံခြုံမှုမရှိဘူးဆိုပြီး အကြောင်းပြန်တယ်။
သူတို့အကြောင်းပြချက် ခိုင်လုံမှုရှိသွားအောင် မနေ့က ၁၀ ရက်မှာ တပ်မဟာ ၅ လက်အောက်ခံ စခန်းသိမ်း တိုက်ပွဲတွေ လုပ်ဆောင်သွားတယ်။ ဒါကဘာလဲဆိုတော့ လမ်းလုံခြုံရေး မကောင်းဘူး။ တိုက်ပွဲဖြစ်နေပါတယ် ဆိုတဲ့ အကြောင်းပြချက် သူတို့ပေးချင်လို့ပါ။ အမှန်တကယ် ခွင့်ပြုချက်ကို ပိတ်တာက လွန်ခဲ့တဲ့ စနေနေ့က စပြီးတော့ ပြောလာပြီ။ လိုင်ဇာလမ်းကနေ မသွားဘဲ။ တခြားလမ်းကနေ ရွေးချယ်သွားပါဆိုပြီး အကြောင်းပြချက် ရှိလာတယ်။ အဲဒီလို ရှိလာရင် တိုက်ပွဲဖန်တီးလိုက်၊ အခုသူတို့ ပြန်ပြောလာတာက တိုက်ပွဲဖြစ်လို့ ဒီလမ်းကြေင်းက လုံခြုံမှု မရှိဘူးပေါ့။
အမေး။ ။ ဘယ်လမ်းကြောင်းကနေ သွားမှာလဲ။
အဖြေ။ ။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လမ်းကြောင်းကနေ သွားကြမယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ အများကြီး စဉ်းစားပါတယ်။ အဲဒါကြောင့် ဒီနေ့မနက် ဦးအောင်မင်းဆီကနေပြီးတော့ စာရတယ်။ မြစ်ကြီးနားလမ်းကြောင်း က အဆင်မပြေဘူး။ ဒါကြောင့် တခြားလမ်းကြောင်းကနေ ရွေးပြီးသွားကြရအောင်ဆိုတဲ့ အကြံပြုချက် ရလာတော့ ဒီအကြံပြုချက်အပေါ်မှာ ကျွန်တော်တို့ ဗဟိုကော်မတီကလည်း ဆက်လက်ပြီး စဉ်းစားဖို့ရှိတယ်။ ဒါကြောင့် ဒီနေ့ ၁၁ ရက်က ဘယ်လိုမှ ခရီးစတင်ဖို့ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်တို့ ဘယ်လမ်းကြောင်းကနေ သွားမယ်ဆိုတာ အတည်ပြုလို့ မရသေးဘူး။
အမေး။ ။ ရန်ကုန်ဆွေးနွေးပွဲမှာ ကေအိုင်အိုကိုယ်စားလှယ်များ လေ့လာသူအနေနဲ့ သွားမယ့် ဒီခရီးစဉ် ပျတ်သွားနိုင်မလား။
အဖြေ။ ။ မဖြစ်ဘူး။ သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်သင်တန်းကျောင်းရဲ့ ဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ အဖျက်သဘောအနေနဲ့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ အပြုသဘောနဲ့ဆွေးနွေးဖို့ ရှိပြီးသားပါ။ အဲဒါဆွေးနွေးဖို့ လွန်ခဲ့တဲ့ နှစ်လသုံးလကတည်းကနေ အကြိမ်ကြိမ် အဆိုပြုထားပြီးသားဖြစ်မယ်။ ဒီဆွေးနွေးပွဲ မတ်လ ၁၆ ရက် အတည်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ အရောက်သွားမှာပါ။
အခုအချိန်ထိ ကျွန်တော်တို့ဘက်ကတော့ ဆွေးနွေးပွဲကို တက်ရောက်နိုင်အောင် ကျွန်တော်တို့ လမ်းကြောင်း ရှာပါ့မယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းသွားတဲ့အခါမှာ ကျွန်တော်တို့ မန္တလေး၊ ရန်ကုန် ကားလမ်းကြောင်းနဲ့ သွားရမယ်ဆိုတော့ လမ်းခရီးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။
လမ်းခရီးမှာ နှောက်ယှက်ဟန့်တားတာမျိုး ရှိလာနိုင်တယ်။ ဒါက အတွေ့အကြုံတွေအရ ထည့်သွင်းစဉ်းစားရမယ်။ လောလောဆယ်တော့ ၁၆ ရက်ဆွေးနွေးပွဲကို ကျွန်တော်တို့ ကေအိုင်အိုက လေ့လာသူအနေနဲ့ တက်ရောက်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်က ပြောင်းလဲမှု မရှိသေးဘူး။
အမေး။ ။ ကေအိုင်အိုက ကိုယ့်အစီအစဉ်နဲ့ တခြားလမ်းကြောင်းကနေ သွားမယ့်သဘောလား။
အဖြေ။ ။ အခုအခြေအနေက တော်တော်တင်းမာတဲ့ အခြေအနေရှိတယ်။ ပြည်တွင်းမှာလည်း ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအပေါ်မှာလည်း အစိုးရကနေ အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ ပုံစံရှိတယ်။
အဲဒီလို ဖြစ်တော့ ပြည်တွင်းခရီးစဉ်သွားတဲ့အခါမှာ ကျွန်တော်တို့ဘက်က လုံခြုံရေးကို အဓိကထားပြီးတော့ စဉ်းစားတယ်။
ဘယ်လမ်းက သွားမယ်။ ဆွေးနွေးပွဲသွား။ ရန်ကုန်မှာနေထိုင်ရေးကိစ္စ၊ အပြန်ကိစ္စအားလုံး လုံခြုံရေးကို ချိတ်ပြီး စဉ်းစားတဲ့အပိုင်းရှိတယ်။ ကျွန်တော်တို့ လုံခြုံရေးကို ဘယ်လောက်ထိ အာမခံပေးနိုင်မယ်ဆိုတဲ့ အဓိက ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံလာလိမ့်မယ်။
အမေး။ ။ ဒီနေ့ရက်စွဲနဲ့ သပိတ်မှောက်ကျောင်းသားတွေအပေါ် အစိုးရ ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခဲ့မှုအပေါ် ကေအိုင်အိုဘက်က ကန့်ကွက်ကြောင်း ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး..။
အဖြေ။ ။ ဒါက နိုင်ငံတကာ အသီးသီးကနေ ဒီကိစ္စအပေါ်မှာ အများကြီးစိုးရိမ်မှုရှိပါတယ်။ အမှန်တကယ်ကလည်း ဒါက စိုးရိမ်စရာရှိတဲ့ လုပ်ဆောင်မှုတွေပါ။ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုတာ ကိုယ့်အာဏာကို ဆုပ်ကိုင်ထားတဲ့ အာဏာရအစိုးရအတွက် မဟုတ်ပါဘူး။ နောင်အနာဂတ်အတွက် ရေရှည်စီမံကိန်းအတွက် ရေးတဲ့ ကျောင်းသား လူငယ်တွေကနေပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပါ။
အဲဒီကိစ္စအပေါ်မှာ အခုလို ရုန်းရင်းဆန်ခတ် ဖြေရှင်းခြင်း အားဖြင့် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ပေါ်ပေါက်လာစရာအကြောင်း မရှိဘူး။
ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အကြီးကြီးဟာလည်းပဲ တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းတဲ့အခါမှာ အားလုံးက ပြေလည်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကို လက်တွဲဆုတ်ကိုင်ထားခြင်း မပြုဘဲနဲ့ ခြေမှုန်းရေးဆိုတဲ့ စစ်တပ်အင်အားနဲ့ တိုက်ခိုက်ခြင်းအားဖြင့် ပြည်တွင်း စစ်က ကြာရှည်ရတာပါ။ အခုကျောင်းသားလူငယ်တွေရဲ့ ဆန္ဒဖော်ထုတ်မှုကလည်း ညှိနှိုင်းဆွေးနွေးဖြေရှင်းရေးဆိုတဲ့ ပုံစံမဟုတ်ဘဲ အကြမ်းဖက် နှိမ်နှိမ်းရေးကိစ္စကို သူတို့ဖော်ဆောင်လာတဲ့အတွက်ကြောင့် မို့ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုဟာ အများကြီး စိုးရိမ်စရာရှိတယ်လို့ စိုးရိမ်မကင်းဖြစ်မိတာပါ။ လက်နက်မဲ့ ပြည်သူ၊ လက်နက်မဲ့ ကျောင်းသားကနေ ဒီကိစ္စအပေါ်မှာ အများကြီး ခံစားခဲ့ရတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က ဝမ်းနည်းကြေကွဲမိပါတယ်။
အမေး။ ။ လက်ရှိ KIO နဲ့ အစိုးရတပ်အကြား တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေရော ဘယ်လို ရှိလဲ။
အဖြေ။ ။ မနေ့က မနက် ၆ နာရီလောက်မှာ ကျွန်တော်တို့ရဲ့ ဆဒုံးမြို့နယ် နမ်ဇော်ယန်ဒေသအတွင်းမှာ ကျွန်တော်တို့ ဘက်ကနေ မနက်အစောကြီး တပ်တွေကို လှုပ်ရှားနေတဲ့အချိန်မှာ အစိုးရတပ်ကနေ ခြုံခိုပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်က တစ်ယောက် ကျသွားတယ်။
အဲဒီ တပ်စခန်းကိုပဲ သူတို့ဘက်က ၁၂ နာရီ မွန်းလွဲပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတော့ ညနေ ၃ နာရီမှာ စခန်းသိမ်းတိုက်ပွဲလုပ်တယ်။ ကျွန်တော်တို့ဘက် နေရာဖယ်ပေးလိုက်ရတာပေါ့ဗျာ။ နောက် တောင်ကုန်းကို နေရာဖယ်ပေးလိုက်ရတဲ့အတွက် အဲဒီတောင်ကုန်းရဲ့ အောက်မှာရှိတဲ့ ကျွန်တော်တို့ စခန်းငယ်တစ်ခုကိုလည်း ဖယ်ပေးလိုက်ရတယ်။
နောက်မနေ့က ညနေ ၆ နာရီကျော်ကျော်လောက်မှာဘဲ တပ်ရင်း ၁၈ ဧရိယာ၊ နမ်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာအဝေးရှိ KIO တပ်စခန်းကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်။ မနေ့ကတော့ စခန်းသိမ်းတိုက်ပွဲ နှစ်ကြိမ်လုပ်တယ်။ အဲဒီဒေသတွေလည်း မြစ်ကြီးနားလမ်းကြောင်းနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်။ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) ဘက်မှာလည်း တိုက်ပွဲတော့ ဖြစ်နေတုန်းပါ။
အမေး။ ။ အစိုးရ စစ်တပ် အင်အားတိုးမြင့်မှုတွေ ရှိနေလား။
အဖြေ။ ။ အစိုးရ စစ်တပ်ကတော့ အမြဲတမ်းအဆင်သင့်ပါပဲ။ လိုအပ်ရင်လိုအပ်သလို၊ ထိုးစစ်ဆင်ဖို့ အမြဲတမ်းအဆင်သင့် လုပ်နေတာပါ။ တစ်နေရာမှာတိုက်ပွဲ ဖြစ်ပွားပြီဆိုရင် ကျွန်တော်တို့ လိုင်ဇာအနောက်ဘက်မှာရှိတဲ့ ခယာဘွမ်နဲ့ ဘွမ်ရယ်ဘွမ်ဘက်ကနေ အမြဲတမ်း ဗဟိုဌာနချုပ်ကို အမြဲတမ်းလက်နက်ကြီးနဲ့ ပစ်တာတွေလုပ်တယ်။
၇ ရက်ကလည်း မိုးညှင်းဘက်မှာ တိုက်ပွဲ ဖြစ်တဲ့အခါမှာ ချက်ချင်းပါပဲ။ ဟိုမှာလည်း ၈ နာရီမှာဖြစ်တယ်။ ဒီမှာလည်း ၈ နာရီကျော်ကျော်လောက်မှာ ကျွန်တော်တို့ တပ်စခန်းရှိရာဘက်ကို လက်နက်ကြီး ပစ်ခတ်တယ်။ အဲဒီလို တစ်နေရာမှာ တိုက်ပွဲဖြစ်ပြီဆိုရင် သူတို့ဘက်က ထိခိုက်မှုရှိပြီဆိုရင် အမြဲတမ်း ကျွန်တော်တို့ ရှေ့စခန်းတွေကို ပစ်ခတ်နေကြပါ။
Mizzima

No comments:

Post a Comment