Friday 13 March 2015

ကျောင်းသားများနှင့် ဆွေးနွေး လိုက်ပါက ပညာရေး ဥပဒေ ပြီးပြတ်မည်ဟု ဦးခင်အောင်မြင့်ပြော


  အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရာတွင် ကျောင်းသား များနှင့် ဆွေးနွေး လိုက်ပါက ပြီးပြတ်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောသည်။  ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး ကျင်းပ ပြီးစီးချိန်တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ မီဒီယာ များ၏ မေးမြန်းမှုကို လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကလေး တွေဆီက သူတို့ ဘာကို ဆိုလိုချင်တာလဲ ဆိုတာ အတိအကျ သိဖို့ လိုတယ်။ ပြီးတော့ ဒါဖြစ်သင့်လား၊ ဖြစ်နိုင်လား။ သူတို့နဲ့ ဆွေးနွေး လိုက်ရင် ပြီးပါ တယ်။ ဒီဥစ္စာက ကျောင်းသား တွေလည်း အသိဉာဏ် ရှိတာပဲလေ။ တကယ်တမ်း ရှင်းပြ လိုက်လို့ ဖြစ်သင့် တဲ့ဟာ၊ မဖြစ်သင့်တဲ့ဟာ နားလည်တာပေါ့။ အဆင်ပြေသွား မှာပါ ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က ဆက်လက် ပြောသည်။

    ထို့ပြင် လွှတ်တော် အတွင်း၌ ဥပဒေမျာကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရခြင်းမျိုးဖြင့် ဆောင်ရွက် နေပြီး ယင်းကဲ့သို့ အခြေအနေမျိုးကို လွှတ်တော် အနေဖြင့် ထုတ်ပြန် ကြေညာခြင်း မပြုခြင်းသာ ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။ အဆိုပါ အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ ဆန္ဒပြ ကြရာတွင် မတ်လ (၁၀) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်နှင့် ရန်ကုန်တွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက် နှိမ်နင်း ခဲ့ပြီး မတ်လ (၁၁) ရက်နေ့၌ လက်ပံတန်းတွင် ဆန္ဒပြ ကျောင်းသားများကို ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ငါးခုဖြင့် ရုံးထုတ် စစ်ဆေး ခဲ့သည်။

           လက်ရှိတွင် အမျိုးသား လွှတ်တော် အနေဖြင့် အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ကြားနာရန် အတွက် ကျောင်းသား ခေါင်းဆောင်များနှင့် NNER အဖွဲ့တို့ ထပ်မံ တွေ့ဆုံရန် မတ်လ (၁၆)ရက်နှင့် (၁၇) ရက်တို့ကို လျာထားကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောကြား ထားသည်။
messengernewsjournal

No comments:

Post a Comment