Saturday 28 March 2015

တောင်ကိုရီးယားနှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တရုတ်နယ်စပ်မြို့ ဒန်ဒွန်တွင် အခြေစိုက်ပြီး မြောက်ကိုရီးယားကို ထိခိုက်အောင် လုပ်ကြံဖန်တီးနေသည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန် လိုက်သည်။

ဒန်ဒွန်မြို့သည် တရုတ်နိုင်ငံ ယာလူးမြစ်ပေါ်တွင် တည်ရှိပြီး ကုန်သွယ်ရေး အချက်အချာ ဒေသတစ်ခု ဖြစ် ကာ မြောက်ကိုရီးယား ဒုက္ခသည်များကို အကူအညီပေးလေ့ ရှိသည့် သာသနာပြုများ အခြေစိုက်ရာ ဒေသ တစ်ခု ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို အထီးကျန်အောင် လုပ်ဆောင်နေတဲ့ အမေရိကန် နယ်ချဲ့ဝါဒီတွေနဲ့ သစ္စာဖောက် ရုပ်သေးအုပ်စုရဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းမှာ ကိုရီးယားနှစ်ယောက် တက်တက်ကြွကြွ ပါဝင်နေပါတယ်” ဟု မြောက်ကိုရီးယားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပါတီ၊ နိုင်ငံတော်နှင့် တပ်မတော်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များကို ယင်းတို့က ခိုးယူစုဆောင်း လျက်ရှိသလို ဘာသာရေးရာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ယင်းကဲ့သို့သော စွပ်စွဲပြောကြားချက်များမှာ အခြေအမြစ် မရှိသဖြင့် လွန်စွာဝမ်းနည်း ရကြောင်း တောင်ကိုရီးယားနိုင်ငံရှိ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက တုံ့ပြန်လိုက်သည်။

“သူတို့ကို မြန်မြန်ပြန်လွှတ်ပေးဖို့၊ မူရင်းနိုင်ငံဆီကို ပြန်ပို့ပေးဖို့ တောင်းဆိုပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာန က ပြောကြားသည်။

နိုင်ငံခြားသားများကို မြောက်ကိုရီးယားနိုင်ငံက မကြာခဏ ဖမ်းဆီးလျက်ရှိပြီး တောင်ကိုရီးယား သို့မဟုတ် အမေရိကန် နိုင်ငံသားများကို ဖမ်းမိပါက စေ့စပ်ညှိနှိုင်းရာတွင် အသာစီးရနိုင်ရန် ခြိမ်းခြောက်အသုံးပြုလျက် ရှိသည်။

၁၉၅၀-၅၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့်သာ ရပ်တန့်ထား သဖြင့် ကိုရီးယားနှစ်နိုင်ငံလုံးမှာ သဘောတရားအားဖြင့် စစ်ဖြစ်နေဆဲ အခြေအနေတွင်သာ ရှိနေသည်။

အမေရိကန်နှင့် စစ်ရေး ပူးတွဲလေ့ကျင့်မှုများကိုလည်း တောင်ကိုရီးယားက မကြာခဏ လုပ်ဆောင်လျက် ရှိပြီး ယင်းလုပ်ဆောင်ချက်များမှာ ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြုံယမ်းက စွပ်စွဲထားသည်။

မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲမှာလည်း ၂၀၀၉ ခုနစ်မှ စတင်ရပ်ဆိုင်းသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ လက်ရှိကာလတွင် တင်းမာလျက်ရှိသည်။

The Voice Weekly

1 comment:

  1. ဘန်ကီမွန်းနဲ့ ယန်ဟီလီကိုပါဖမ်းရမှာ။

    ReplyDelete