Friday 27 March 2015

သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက် အဝေးပြေးယာဉ်လိုင်း ၆ လိုင်း ပိတ်ရက်မရှိ ပြေးဆွဲမည်



ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၁၈၀ ကျော်ရှိသည့်အနက် ယာဉ်လိုင်း ၆ လိုင်းသည် အနယ်နယ် အရပ်ရပ်မှ မဟာသင်္ကြန်ကာလ အစိုးရရုံး ပိတ်ရက်များတွင် ပိတ်ရက်မရှိ ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ (အဝေးပြေး)ထံမှ သိရ သည်။

ရန်ကုန်-မန်္တလေးသို့ ပြေးဆွဲနေ သော စည်းစိမ်ရှင်ယာဉ်လိုင်း၊ မန်းရာဇာ ယာဉ်လိုင်း၊ ရန်ကုန်-မော်လမြိုင်သို့ ပြေးဆွဲနေသော မဟာရယာဉ်လိုင်း၊ ရန် ကုန်-နေပြည်တော်-မန်္တလေး-ပြင်ဦးလွင် သို့ ပြေးဆွဲနေသော မန်္တလာမင်းယာဉ် လိုင်း၊ ရန်ကုန်-မုံရွာသို့ပြေးဆွဲနေသော မိုးကောင်းကင်ယာဉ်လိုင်းနှင့် ရန်ကုန်- ပြည်- မင်းကုန်း-ပျော်ဘွယ်-သာစည်- တောင်ကြီးသို့ ပြေးဆွဲနေသော အောင်စစ် ခိုင်ယာဉ်လိုင်းတို့ ဖြစ်သည်။

““သင်္ကြန်ကာလမှာ ယာဉ်လိုင်း အားလုံး ဘယ်နေ့အထိဆွဲ၊ ဘယ်ရက်မှာ နားဆိုတာမျိုး ဦးတို့က သတ်မှတ်ပေးလို့ မရဘူး။ ဒါက စီးပွားရေးဆိုတော့ လုပ်ငန်း ရှင်တွေက သူ့လိုင်းရဲ့ အနေအထားပေါ် မူတည်ပြီး သူ့အတိုင်းအဆနဲ့သူ မှန်းဆပြီး လုပ်ကြတာ””ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီဥက်္ကဋ္ဌ ဦးညွန့်ဝေက ပြော သည်။

အခြားယာဉ်လိုင်းများသည် ဧပြီ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်နေ့အထိ အသီး သီး နောက်ဆုံးပြေးဆွဲကြ မည်ဖြစ်ပြီး ဧပြီ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၅၅ လိုင်းသည်လည်း ဧပြီ ၁၃ ရက်နေ့ နောက်ဆုံးထားပြေးဆွဲ မည်ဖြစ်ပြီး ဧပြီ ၁၇ ရက်မှစတင်ကာ ပုံမှန် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။

သို့သော် အနယ်နယ် အရပ်ရပ်သို့ ခရီးထွက်ခွာမည့် ခရီးသည်များမှာ မိမိတို့ ထွက်ခွာလိုသည့် ခရီးစဉ်များအတွက် အဝေးပြေးဂိတ်များသို့ သွားရောက်၍ လက်မှတ်ဝယ်ကြိုတင်ဝယ်ယူရန် စုံစမ်းမေး မြန်းကြသော်လည်း တိကျရေရာသည့် အဖြေများ မရရှိကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ကြိုတင် လက်မှတ်ရောင်းချမှုပုံစံသည် ယာဉ်လိုင်း ဂိတ်တခုနှင့်တခု မတူညီသော်လည်း ယာဉ် လိုင်းဂိတ်အများစုမှာ ဧပြီ ၁ ရက်နေ့တွင် စတင်ရောင်းချမည်ဟု စုံစမ်းသိရှိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment