Saturday 28 March 2015

ကိုးကန့်တိုက်ပွဲအတွင်း တိမ်းရှောင်သွားသော ရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူမည်

ကိုးကန့်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် ကတည်းက ပျောက်ဆုံး သွားသည့် ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အား တပ်ဖွဲ့ အတွင်း ပြန်လည် လက်ခံမည်ဖြစ်သော်လည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

ကိုးကန့်ဒေသတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကိုးကန့် ဒေသဆိုင်ရာရဲများ တာဝန် ထမ်းဆောင်ကြသည်။ တိုက်ပွဲ စတင်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့သော်လည်း ကိုးကန့်ဒေသဆိုင်ရာရဲ အများစုက တိုက်ပွဲတွင် မပါဝင်ဘဲ တိမ်းရှောင် သွားခဲ့ သည်။ မြန် မာနိုင်ငံရဲ တပ်ဖွဲ့ကိုလည်း အဆက်အသွယ် မလုပ် ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကိုးကန့်မှာ တိုက်ပွဲတွေစ ဖြစ်တော့ ဟိုဘက်ရောက်သွား တာလိုလို၊ တိမ်းရှောင်သွားတာ လိုလို ကိုးကန့်ရဲတွေ ရှိတယ်။ အခု သူတို့ ကို ပြန်လက်ခံနေတယ်။ ဒါပေမဲ့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမယ်’’ဟု နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ပြော သည်။

၂၀၀၉ က အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ကိုးကန့်ဒေသ၌ ရဲတပ်ဖွဲ့ဝင် ၂၅၀၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၅၀ ကို ဖွဲ့စည်းခဲ့ သည်။ ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအောက်တွင် ရှိသော် လည်း တိုက်ရိုက်အုပ်ချုပ်ခွင့်မရှိဘဲ ဒေသဆိုင်ရာ အစိုးရအဖွဲ့၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်သာရှိသည်။ လောက်ကိုင်တိုက်ပွဲ စတင်ဖြစ်ပွားချိန်က ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးမှာ ကိုးကန့်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။ တပ်ဖွဲ့ဝင်အများစုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ သတင်းမပို့ဘဲ တိမ်းရှောင်သွားခဲ့သည်။ ယခုရက်ပိုင်းအတွင်းမှ ၎င်းတို့က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကို ပြန်လည်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စိစစ်မှုများ ပြုလုပ်နေကြောင်း ရှမ်း ပြည်နယ် ဒုတိယပြည်နယ်ရဲတပ် ဖွဲ့ ဒုရဲမှူးကြီးမျိုးထွန်းဦးက ပြော သည်။

7Day DAILY

1 comment:

  1. သေနတ်ပေးပြီးရှေ့ ဆုံးကတိုက်ခိုင်းပါ။တကယ်ပြန်တိုက်မှလက်ခံပါ။သာကူးတွေနေမှာပါ။

    ReplyDelete