Friday 9 January 2015

ကမ္ဘာ့ရေနံဈေး ထပ်မံကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ပြောပလောက်အောင် ကျဆင်းခြင်းမရှိ

၂ဝ၁၄ ခုနှစ် ဇန်နဝါရီက ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၉၄ ဒေါ်လာဝန်းကျင်ရှိခဲ့ရာမှ  ပြီးခဲ့သည့် ဇွန်လမှစ၍ ဆက်တိုက်လိုလို ကျဆင်းလာခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆန်းတွင် တစ်စည်လျှင် ဒေါ်လာ ၅ဝ အောက်အထိ ကျဆင်းလာခဲ့သော်လည်း ပြည်တွင်းရေနံဆီနှင့် ဓာတ်ဆီဈေးနှုန်းများ ပြောပ လောက်အောင် ကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာတန်ဖိုးခိုင်မာမှု၊ စတော့ဈေးကွက်တွင် ဈေးနှုန်းများကျဆင်းနေမှု၊ ရေနံဝယ်လိုအား ကျဆင်းလာ နိုင်မှု၊ ရောင်းလိုအားပိုလျှံမှုတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်က ငါးနှစ်ကျော်အတွင်း ဒေါ်လာ ၅ဝ အောက်သို့ ပထမဆုံးရောက်ရှိသွားခဲ့ကြောင်း၊ အလားတူ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ကြိုပွိုင့် ဈေးကွက်အတွက်လည်း အမေရိကန်ရေနံဈေးနှုန်းသည် ၄၉ ဒသမ ၉၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ၂ဝဝ၉ ခုနှစ် မေ ၁ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်လာခဲ့ကြောင်းနှင့် လက်ရှိတွင်  လန်ဒန်ဘဲရင့် ပင်လယ် ရေနံဈေးနှုန်းသည်လည်း တစ်စည် လျှင် ၅၂ ဒသမ ၆၆ ဒေါ်လာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဂရိနိုင်ငံပြဿနာကြောင့် ယူရိုဇုန်တွင် အကျပ်အတည်းဆိုက်ရောက်နေပြီး အနောက်ဥရောပတွင် စွမ်းအင် ဝယ်လိုအားထိခိုက်မည်ကို စိုးရိမ်မှုများက ရေနံဈေးကျဆင်းမှုကို ဆိုးရွားလာစေခဲ့ကြောင်း၊ ဒေါ်လာ တန်ဖိုးသည် အဓိကသုံးကမ္ဘာ့ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ သောကြောင့် တန်ဖိုးကျဆင်းသည့်ကျန်ငွေများဖြင့် ရေနံဝယ်ယူမှုများကို ဈေးကြီးမြင့်တက်စေပြီး ဒေါ်လာ အခြေခံရေနံဈေးကို နိမ့်ကျစေကြောင်း သိရသည်။

အလားတူ ရေနံဈေးကျဆင်းနေသော်လည်း ထုတ်လုပ်မှုအားလျှော့ချမှုမပြုရန် အိုပက်က ဆုံးဖြတ်ခဲ့ မှုကြောင့် ဝယ်လိုအားကျဆင်းမည်ကို စိုးရိမ်လာပြီး ယခင်နှစ် ဇွန်လမှစ၍ ရေနံဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂ဝဝ၈ ခုနှစ်အတွင်းက တစ်စည်လျှင် ဒေါ်လာ ၆ဝ ဒသမ ၇၇ အထိ စံချိန်တင်ကျဆင်းခဲ့ကြောင်း၊ လက်ရှိပေါက်ဈေးသည် ၂ဝဝ၉ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး ဈေးဖြစ်ကြောင်း၊ ယင်းကဲ့သို့ ကမ္ဘာ့ရေနံဈေးထိုးကျခဲ့သော်လည်း ပြည်တွင်းဈေးကွက်၌ ရောင်းချလျက် ရှိသော စက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းခြင်းမရှိကြောင်း သိရသည်။

“အပြင်ဈေးကျပေမယ့် ပြည်တွင်းမှာတော့ ဆီဈေးနှုန်းတွေမကျဘူး။ ဖြစ်နေတာက နိုင်ငံတကာဈေးတက် တယ်ဆိုရင် လိုက်တက်ပေမယ့် ကျတဲ့အချိန်မှာလည်း လိုက်ကျနိုင်ဖို့လိုတယ်။ ပြည်တွင်းလုပ်ငန်း ရှင်တွေ ကျတော့ အမြတ်အစွန်းကို အရမ်းကြည့်နေသလိုပဲ။ တကယ်က အပြင်မှာကျပြီဆိုတာနဲ့ ကိုယ်လည်း တတ်နိုင် သလောက် လိုက်ချပေးရမယ်။ ဒါမှလည်း  ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ ဈေးကွက်ဖြစ်လာမှာပါ”ဟု စာရေး ဆရာ ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။

“နိုင်ငံတကာဈေးနှုန်းတွေ ကျနေတာတော်တော်လေးကြာသွားပြီ။ မှတ်မိသလောက်ဆိုရင် လေး၊ ငါးလ လောက် ရှိသွားပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ ရောင်းနေတာက ၄ဝဝဝ ဝန်းကျင်ပဲ။ အခုအပြင်မှာ တစ်ဝက် လောက် ကျသွားတာ ပြည်တွင်းမှာက ပြောပလောက်အောင် ဘာမှမကျဘူး။ ဒါတောင်မှ လွန်ခဲ့တဲ့ တစ် ပတ် လောက်ကမှ  ချလိုက်တာ။ အရင်တုန်းကဆိုရင် စားအုန်းဆီက တစ်ဦးတည်းကပဲသွင်းတယ်။ အခုလည်းဖွင့်ပေးထားတယ်ဆိုပေမယ့်  အဲဒီသဘောမျိုးလိုဖြစ်နေတယ်။  ကမ္ဘာ့ရေနံဈေးနှုန်းကျလို့ ကျွန်တော် တို့ သွင်းချင်တယ်ဆိုလည်း သွင်းလို့မရဘူး။ သင်္ဘောကလည်း ဆီတင်တဲ့သင်္ဘောနဲ့ သက်သက် သွင်းရတယ်။ အခြားသင်္ဘောက အန္တရာယ်ရှိတယ်။ မတင်ဘူး။ ဒါကြောင့်  ဘယ်လောက်ပဲ လွတ်လွတ် လပ်လပ် တင်လို့ရတယ်ဆိုဆို ကျွန်တော်တို့တင်လို့မရဘူး။ ဒါကြောင့် စက်ရုံအတွက် ရေနံသုံးချင်တယ် ဆိုလည်း သူတို့ရောင်းတဲ့ဈေးနဲ့ပဲ ဝယ်ရတယ်။ အဲဒီလိုတော့မဖြစ်သင့်ပါဘူး”ဟု စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ပြည်ပမှ ဆီတင်သွင်းခွင့်ရသည့်သူများတွင် အချို့သူများမှာ ကိုယ်ပိုင်တင်သွင်းသကဲ့သို့ ကိုယ်ပိုင်ဆီဆိုင် ဖွင့်၍ ရောင်းချနေသူများရှိကြောင်း၊ သို့သော် အချို့မှာမူ တင်သွင်းခြင်းမဟုတ်ဘဲ တင်သွင်းပြီးသားဆီအား တစ်ဆင့်ခံ ဝယ်ယူ၍ ဆီဆိုင်ဖွင့်၍ ရောင်းချနေခြင်းဖြစ်ကြောင်း ၊ ပြည်ပမှတင်သွင်းနေသည့် လုပ်ငန်းရှင် များ အနေဖြင့် ယင်းကဲ့သို့ နိုင်ငံတကာဈေးများအား သိသိသာသာကျဆင်းနေသည့်အချိန်တွင် ပြည်တွင်း ဈေးနှုန်း အားလည်း ချပေးသင့်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များ က သုံးသပ်ကြသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် နိုင်ငံတကာ  ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန်လျှင် ၁ ဒသမ ၇၉ ရှိပြီး ယင်းကာလ တွင် ပြည်တွင်းဓာတ်ဆီဈေးနှုန်း တစ်ဂါလန်လျှင် ၃၇ဝဝ၊ ဒီဇယ် ဈေးနှုန်း ၄၃ဝဝ၊ အောက်တိန်း ဈေးနှုန်း ၄၂၃ဝ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်ဈေးနှုန်း ၄၄၅၅ ကျပ် ရှိနေကြောင်း၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက် တွင်မူ ရေနံစိမ်းတစ်စည်လျှင် နိုင်ငံတကာပေါက် ဈေး ၅၃ ဒသမ ၂၇ ဒေါ်လာပေါက်ချိန်တွင် ပြည်တွင်း ဈေးကွက်၌ ဓာတ်ဆီ တစ်လီတာလျှင် ၈ဝဝ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၇၈ဝ ကျပ်၊ အောက်တိန်း တစ်လီတာလျှင် ၇၅ဝ ကျပ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၈၅ဝ ကျပ်ရှိကြောင်း သိရှိရပြီး ယင်း ဈေးနှုန်းများသည် တစ်ဂါလန်လျှင် ၄ ဒသမ ၅၄ လီတာနှင့် တွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group 

No comments:

Post a Comment