Friday 9 January 2015

ကျောင်းသားစုံညီပွဲတော် စစ်တွေမြို့၌ကျင်းပ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းသားစုံညီပွဲတော်ကို ဇန္န၀ါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းကျောင်းသားစုံညီပွဲတော်တော်တွင် ထူးချွန်ကျောင်းသားများနှင့် ဆရာဆရာမများကို ဆုတံဆိပ်များ၊ ဂုဏ်ပြု လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

ပျော်ပွဲရွှင်ပွဲအဖြစ် ထုပ်ဆီးတိုးပွဲ၊အထုတ်သတ်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ပြီး ကျောင်းသူ ကျောင်းသားများက ဖျော်ဖြေမှု များကိုလည်း ပြုလုပ်ခဲ့သည်။

ကျောင်းသားများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ရာတွင် ကျပန်းပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ၀တ္ထုပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသား/ကျောင်းသူများ၊ ဘက်စုံ ထူးချွန် ကျောင်းသူ ကျောင်းသားများ၊ မသန်မစွမ်းပြိုင်ပွဲတွင် ဆုရကျောင်းသားများနှင့် ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သောကျောင်းသူ၊ ကျောင်းသား များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ရခိုင်တပြည်နယ်လုံးတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊အထက်တန်းအဆင့် ကျောင်း အလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသောကျောင်းများမှ ဆရာ၊ ဆရာမများကိုလည်းဆုတံဆိပ်နှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင့်သိရသည်။

အလယ်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲတွင် အလက ၉ မှ ပထမ၊ အထက ၆ က ဒုတိယ၊ အလက (ခွဲ) ကျေးတောကျောင်းက တတိယ၊ မူလွန်ပြည်တော်သာကျောင်းက အထူးဆုကိုရရှိခဲ့သည်ဟု သိရသည်။

မူလတန်းအဆင့်တွင် ဘောင်းဒွတ်သားစုက ပထမ၊ ရွာကြီးတောင်က ဒုတိယ၊ ရူပမြောက်ကတတိယ အသီးသီး ရရှိခဲ့ကြသည်။ မူလတန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲများကိုယခင်နှစ်များတွင် ကျင်းပခဲ့ခြင်းမရှိပဲ ယခုနှစ်မှာမှ ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

၅ တန်းမှ ၇ တန်းအဆင့် အထုပ်သတ်ပွဲတွင် ရွာကြီးတောင်ကပထမ၊ ကျောင်းတက်လမ်းက ဒုတိယ အသီးသီး ရရှိသွားကြောင်း သိရသည်။

ဖျော်ဖြေရေးအစီအစဉ်များတွင် အလက (၆) က ပိုးဝါယိမ်းအက၊ ကျောင်းကြီးလမ်းအမကက မောင်ရွှေရိုး မှာလည်းအသဲနဲ့ပါ အပါအ၀င် အခြားအကများဖြင့်လည်းကျောင်းသူ၊ ကျောင်းသားများက ဖျော်ဖြေခဲ့ကြ သည်။

၎င်းကျောင်းသားစုံညီပွဲတော်ကို နံနက်ပိုင်းတွင် ၈ နာရီမှ ၁၁ ထိ တစ်ကြိမ်နှင့် ညနေပိုင်းတွင် ၆ နာရီမှ ၈ နာရီခွဲခန့်ထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ပိုင်းခွဲ၍ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောင်းသားစုံညီပွဲတော်ကို မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဇန္န၀ါရီလ ၁ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပကြ သော်လည်း ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အခြားခရီးစဉ်များနှင့် တိုက်ဆိုင်ခဲ့သဖြင့် ဇန္န၀ါရီလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်အုန်း ကပြော သည်။

“ဒီမင်္ဂလာနှစ်သစ်မှာအဘအနေနဲ့ ဆုတောင်းပေးချင်ပါတယ်။ နောင်တစ်ခေတ်ရဲ့ သားကောင်း သမီး ကောင်းဖြစ်တဲ့ သားတို့သမီးတို့ကို ဂုဏ်ပြုရင်းနဲ့ သားတို့သမီးတို့ နောင်တစ်ချိန်မှာ တိုင်းပြည်ကအားကိုး ရတဲ့ သားကောင်းသမီးကောင်း၊ သမီးကောင်းဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပြုသအပ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူကျောင်းသားများအတွက် နှစ်သစ်ဆုတောင်း ပေခဲ့သည်။

ယခုနှစ် ကျောင်းသားစုံညီပွဲတော်ကိုရပြည်နယ်အစိုးရလမ်းညွှန်မှုဖြင့်ရခိုင်ပြည်နယ်ပညာရေးဌာနက ကြီးမှူး ကျင်းပခဲ့သည်ဟု သိရှိရသည်။

နိရဉ္စရာ

No comments:

Post a Comment