Thursday 25 December 2014

နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သော UNA ညီလာခံတွင် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများနှင့် မိတ်ဖက်ပါတီ၊ အဖွဲ့အစည်း ၂၅ ဖွဲ့က သုံးရက်ကြာ ဆွေးနွေးပြီးနောက် ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက် အပါအဝင် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး တို့ကို အထောက်အကူပြုနိုင်ရန် အားလုံးက ယုံကြည်လက်ခံနိုင်သည့် တည်ငြိမ်သော နိုင်ငံရေး ပတ်ဝန်း ကျင်ကောင်း တစ်ခု တည်ဆောက်သွားရန် အချက်များ အပါအဝင် စုစုပေါင်း နိုင်ငံရေး သဘောတူညီချက် ကိုးချက်ကို ထုတ်ပြန်ကြောင်း ဦးအေးသာအောင်က ရှင်းပြသည်။

ထို့အပြင် ထုတ်ပြန်ချက်အတွင်း ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အောက်ခြေ တိုင်းရင်းသား ပြည်သူလူထုများအကြား အသိပညာ ပြန့်ပွားရေးအတွက် စည်းရုံးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံပွဲတွင် ဖြေရှင်းရန် ဆုံးဖြတ် ကြောင်း ပါရှိသည်။

“ကျွန်တော်တို့ ဆုံးဖြတ်တာတွေ အားလုံးက တောင်းဆိုချက် တစ်ခုမှ မပါဘူး၊ ဒီအဖွဲ့အစည်းတွေကပဲ လုပ်သင့်တဲ့ လုပ်နိုင်တဲ့ အနေအထားတွေကနေ ဆက်လက်လုပ်သွားမယ်” ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ဆိုသည်။

အဆိုပါ UNA ညီလာခံသို့ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ယင်းသို့ တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်မည့် ညီလာခံကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒုတိယ အကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း UNA ထံမှ သိရသည်။

UNA ကို ၂၀၀၂ ခုနှစ်တွင် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ သျှမ်း(ရှမ်း) ပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment