Thursday 25 December 2014

ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်းတောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဒေသခံတစ်ဦး သေဆုံးသွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ၏ ပဋိပက္ခသည် ရုန်းရင်းဆန်ခတ်မှုများကို ဖြေရှင်းသည့်နည်းလမ်း အတိအကျ ရှိသော်လည်း လုံခြုံရေးများ အနေနှင့် အတိအကျ လိုက်နာဆောင်ရွက်မှု မရှိသောကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ပဋိပက္ခများအတွက် တာဝန်ရှိသူများ အနေနှင့် ဒေသခံများ ထိခိုက်နစ်နာမှု ထပ်မံမဖြစ်ပေါ်စေရန်နှင့် ထိခိုက်နစ်နာခဲ့သူများ၏ အရေးကို တရားဥပဒေ နည်းလမ်းအတိုင်း ဆောင်ရွက်ပေးရန်လည်း ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အဆိုပါ လက်ပံတောင်းတောင် ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ယင်းစီမံကိန်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားနေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပူးပေါင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

အဆိုပါ ပဋိပက္ခကို လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီတို့ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သို့သော်လည်း ယနေ့အချိန်အထိ ဦးလှထွန်း ဦးဆောင်သော ကော်မတီက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်း ဒေသအတွင်းရှိ မိုးကြိုးပြင် အလယ်ရွာတွင် ရွာသားအချို့နှင့် ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာနေ တောင်သူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းတွင် သေနတ်ထိမှန် သေဆုံးခဲ့ကာ ဒေသခံ ရွာသားကိုးဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်ရန် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော ကော်မတီကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment