Thursday 25 December 2014

လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်ကို လိုက်နာမှု အားနည်းခဲ့ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဝန်ခံ

ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ အစီရင်ခံစာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီမှာ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ လိုက်နာမှု အားနည်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောကြားလိုက်သည်။
ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ သို့ တက်ရောက်ခဲ့သည့် စစ်ကိုင်းကိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးနေသီဟက ပြောကြားသည်။

“ခြံစည်းရိုးကတော့ ဒီတစ်သုတ် ထပ်မခတ်တော့ဘူးလို့ ပြောတယ်။ နောက် ဆည်တည်းရွာမှာ မီးရှို့မယ် ဆိုတာ လုံးဝမဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ ဆည်တည်းရွာကို မီးရှို့မယ်လို့ ကြိမ်းဝါးတဲ့ ရဲအရာရှိကိုလည်း ဖော်ထုတ်ပြီး အရေးယူမယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပဋိပက္ခများမှာ ကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်မှု မရှိခြင်း၊ ရုန်းရင်းဆန်ခတ်မှုများကို ဖြေရှင်းရန် နည်းလမ်းများ အတိအကျ ရှိသော်လည်း လိုက်နာမှု မရှိခြင်းတို့ ကြောင့် နိုင်ငံသားတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေသည့် အဖြစ်များ ဖြစ်ပျက်ရခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“အခုအနေအထားက မတရားသဖြင့် သိမ်းပိုက်သလို ဖြစ်နေတယ်။ မြေယာပိုင်ရှင်တွေကလည်း အလျော် အစား မယူတာတွေ ရှိသေးတယ်။ သူတို့ကလည်း ညှိနှိုင်းမှုမရှိဘူး၊ အာဏာရှင်ဆန်ဆန် သိမ်းပိုက်ပြီး အလုပ်လုပ်သွားတဲ့ ပုံဖြစ်နေတယ်” ဟု လက်ပံတောင်းဒေသ အလယ်ရွာမှ ကိုဗိုလ်လင်းက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ အစီရင်ခံစာကို သမ္မတထံ တင်သွင်းသည့် နေ့တွင်ပင် ယင်းအစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့က ဒုတိယ ဥက္ကဋ္ဌများ အဖြစ် လည်းကောင်း အသီးသီး တာဝန်ပေးအပ်ထားသော အဖွဲ့ဝင် ၁၅ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အစီရင်ခံစာ ထွက်ရှိခဲ့သည်မှာ တစ်နှစ်ကျော်ခန့် အချိန်ကို ရောက်ရှိနေခဲ့သော်လည်း လက်ပံတောင်း ဒေသခံများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ တွေ့ဆုံခဲ့သည့် အချိန်များမှာ လက်ချိုး ရေတွက်၍ ရကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

ခြံစည်းရိုး ကာရံမှုကြောင့် လက်ပံတောင်းဒေသတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား အပြန်အလှန် ပစ်ခတ်သဖြင့် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး ဒေသခံ ၁၁ ဦးထက် မနည်းနှင့် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာများ ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment