Friday 21 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့် မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ နိုဝင်ဘာ ၂ဝ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦးက ဆွေးနွေးရာတွင် တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင်လိုကြောင်း ဆွေးနွေးနေသည်မဟုတ်ဘဲ မူလအတိုင်း ထားရှိသင့်သည်များကို ထားရှိပေးရန်သာ ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းက NLD က တပ်မတော် နှင့် ပြည်သူအကြား စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်နေသည်ဟု ပြောဆိုမှုများရှိနေကြောင်း၊ အမှန် တကယ်တွင် တပ်မတော်နှင့်ပြည်သူ စိတ်ဝမ်းမကွဲပြားစေချင်သည့် စေတနာဖြစ်ကြောင်း၊ ရှိနေခဲ့သည့် အတိတ်ဆိုးများကို သံဝေဂယူကာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကိစ္စများကို ထားခဲ့ပြီးနောက် လူထုတစ်မျက်နှာ တည်းကို ကြည့်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် မှတ်တမ်းတင်နိုင်ရန် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစောရွှေက ဆွေးနွေးရာတွင် “လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ပါတီအချို့က လွှတ်တော်တွင်းမှာ တပ်မတော်သားတွေ မရှိသင့်ဘူး။ တပ်မတော် သားတွေရှိနေတာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ပြောနေကြပါတယ်။ ဒါ့ပြင် ဘယ်နိုင်ငံ လွှတ်တော်မှာပဲဖြစ်ဖြစ် တပ်မတော်သားတွေ မရှိဘူးလို့ ပြောတယ်။ တခြားနိုင်ငံတွေမှာ သူတို့နိုင်ငံရဲ့ ခြေအနေနဲ့ကိုက်ညီအောင် ဆောင်ရွက်နေကြတာပဲ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ တပ်မတော်မပါလို့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဟာ နိုင်ငံသမိုင်းမှာ လွှတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က PR စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောတယ်။ ဒါဆိုရင်လည်း အခုပြင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်ဘဲ မူလအတိုင်းထားဖို့လိုတယ်”ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီးတစ်ဆင့်သာ ပြင်ဆင်သွားနိုင်ရေးကို NLD  အနေဖြင့်  ဆောင် ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ ဒီမိုကရေစီနိုင်ငံများတွင် လွှတ်တော်တွင်း၌ လုံခြုံရေးအကြောင်း ပြချက်ဖြင့် တပ်မတော်အကြီးအကဲက စေလွှတ်ခန့်အပ်သော တပ်မတော်သားကိုယ်စားလှယ်များ လုံးဝမ ရှိတော့ကြောင်း၊ ယခုကဲ့သို့ ပြောခြင်းသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေခြင်း ကို မလိုလားသောစိတ်ဖြင့် ပြောနေခြင်းမဟုတ်ဘဲ ဖြစ်သင့်သည့်အချိန်တွင် ဖြစ်သင့်ရာကိုဖြစ်စေ လိုခြင်းအတွက်သာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြောင်းလဲသင့်ကြောင်း တပ်မတော်၏ အကြံပြုချက်များသည် ပါတီစုံ ဒီမိုကရေစီ စနစ်အား တည်ငြိမ်ညင်သာစွာဖြင့် အေးချမ်းစွာကူး ပြောင်းနိုင်ရေးအတွက်ဖြစ်သည်ဟု တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်စိုးက ဆွေးနွေးခဲ့သည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား လုံးဝမပြင်ဆင်ရန် တစ်သမတ်တည်း စွဲကိုင်နေခြင်း မဟုတ်ဘဲ ပြင်သင့်သည်များကို ပြင်သင့်သည့်အချိန်တွင် ပြင်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေးကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြောကြားသည်။

ထိုပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အရေးတကြီး ပြင်ဆင်ရမည့် အခြေအနေမဟုတ်သည်မှာ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ သိရှိနိုင်ကြောင်း တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်သူငါးသန်း ကျော်၏ ဆန္ဒအား ပြည်ထောင်စုလွှတ်တော်က မဖော်ဆောင်ပေးနိုင်လျှင် ပြည်ထောင်စုလွှတ်တော်၏ သမိုင်းသာဖြစ်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment