Friday 21 November 2014

အဝေးပြေးယာဉ်လိုင်း လေးခု ပြေးဆွဲရန် ကေအင်န်ယူ စီစဉ်

ကရင်အမျိုးသားအစည်းအရုံး(KNU)က ရန်ကုန်-နေပြည်တော်လမ်းကြောင်းအပါအဝင် အဝေးပြေး ယာဉ် လိုင်း လေးခုပြေး ဆွဲသွားမည်ဖြစ်ကြောင်း KNU မှ သတင်းရရှိသည်။

KNU က ပြေးဆွဲမည့် လမ်း ကြောင်းများမှာ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ဘားအံ၊ရန်ကုန်- ကော့ကရိတ်၊ ရန်ကုန်-မြဝတီ ယာဉ်လမ်းကြောင်းများ ဖြစ်ပြီး KNU တစ်ဦးတည်းပိုင်ပြေးဆွဲမည် ဖြစ်သည်။

‘‘အခုလက်ရှိတော့ KNU တပ်ဖွဲ့ အပိုင်အနေနဲ့ပဲ ဆောင် ရွက်မယ်။ နောက်ပိုင်းမှာ လာရောက်ရင်းနှီးမယ့် သူတွေကို လက်ခံသွားမယ်’’ဟု KNU စီးပွားရေးတာဝန်ခံ ဗိုလ်မှူး မိုက်ကယ်က ပြောသည်။

ယာဉ်လိုင်းလေးခုတွင် တစ် လိုင်းစီအတွက် မော်တော်ယာဉ် ခြောက်စီးဖြင့် စုစုပေါင်း ၂၄ စီး စတင်ပြေးဆွဲ မည်ဖြစ်သည်။  ယာဉ်အမျိုးအစားမှာ scania နှင့် Dae-woo အမျိုးအစားများဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ လုပ်ထုံး လုပ် နည်းနှင့်အညီ တင်ပြထားကြောင်း၎င်းက ပြောသည်။

‘‘လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြထားတာဆိုတော့ ဥပဒေ အရ ခွင့်ပြုရမှာပါ။ KNU က အရင်တုန်းကလို မြေအောက်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ငြိမ်းချမ်းရေးအရ လက်ရှိမှာ တရားဥပဒေနဲ့အညီ လုပ်ကိုင်ခွင့် ရှိတယ်’’ဟု ဗိုလ်မှူး မိုက်ကယ်က ပြောသည်။ ယခုကဲ့သို့လိုင်းကားပြေး ဆွဲခြင်းမှာ လိုအပ်နေသော နိုင်ငံ တော်သယ်ယူပို့ဆောင်ရေး အတွက် ကူညီထောက်ပံ့ရန်ဖြစ်ပြီး ကရင်ပြည်နယ် သယ်ယူပို့ဆောင်ရေး ကောင်းမွန်စေရန် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။

ကရင်ပြည်နယ်အတွက် ကရင်ခေါင်းဆောင်များ တည် ထောင်ထားသည့် သယ်ယူပို့ ဆောင်ရေးလုပ်ငန်း က ကရင်လူ ထုနှင့် ကရင်ပြည်နယ်အတွက် အားထားစရာယာဉ်လိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း မြဝတီ မြို့ ဒေသခံတစ်ဦးကပြောသည်။ ကရင်အမျိုးသားအစည်းအရုံးသည် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး လက်ရှိအချိန်တွင် အစိုးရနှင့် ဆက်ဆံရေးအကောင်းမွန်ဆုံး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

7Day DAILY

No comments:

Post a Comment