Wednesday 4 June 2014

မသန်သော်လည်း စွမ်းသူ သံမဏိလူသားတစ်ယောက်

လောကမှာ လူရယ်လို့ဖြစ်လာကြရင် အားလုံးက ပြည့်ပြည့်စုံစုံ ကျန်းကျန်းမာမာ နဲ့ ဖြတ်သန်းချင်ကြတာက သဘာဝပါ။ ဘယ်သူကမှ မသန်စွမ်းအဖြစ်ကို မလိုချင်ကြပါဘူး။ 

ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာတယ် ပြောပြော၊ မသန်စွမ်းမှုဖြစ်လာရင် အနည်းနဲ့အများတော့ ဘ၀ကို အရှုံးပေးချင်စိတ် ဖြစ်လာလေ့ရှိပါတယ်။ သို့သော် မသန်စွမ်းဆိုပေမယ့် ကိုယ်အင်္ဂါသန်စွမ်းတဲ့ သူတွေ ထက် အများကြီးစွမ်းတဲ့ မသန်စွမ်းတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံး မေ့မ ထားဖို့ လိုပါလိမ့်မယ်။ မသန်စွမ်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမ လျှော့ဘဲ နိုင်ငံ့ဂုဏ်ဆောင် လူတော်တစ်ဦး အဖြစ် အားလုံးက အသိအမှတ်ပြုလေးစား ရတဲ့သူတစ်ယောက် ရှိပါတယ်။ 

သူကတော့ အမြင်လွှာဆဲလ် အား နည်းတဲ့ရောဂါဖြစ်နေတဲ့ မျက်မမြင်တစ်ယောက်ဖြစ်သူ ကိုဇော်လင်း ထွန်းပါ။ သူက ဘယ်သူ့အကူအညီမှမပါဘဲ လူကောင်း တစ်ယောက်လိုပဲ ရပ်တည်နေနိုင်ပြီး အခု ဆိုရင် သူက ဖိလစ်ပိုင်နိုင်ငံ အစိုးရတက္ကသိုလ်တစ်ခုရဲ့Art and Development  ဘာသာရပ်ကို အာရှ-ပစိဖိတ် ကပေးအပ်ထားတဲ့ ပညာသင်ဆုနဲ့ ကျောင်းတက်နေသူ တစ် ယောက်လည်း ဖြစ်ပါတယ်။ 

သူဟာ အခြေခံအလယ်တန်းအဆင့် စတုတ်္ထတန်းတက်ရောက်စဉ်က စတင်ကာ မျက်စိ တဖြည်းဖြည်း မှုန်စပြုလာပြီး အဋ္ဌမ တန်း၊ န၀မတန်း တက်ရောက်ချိန်မှာတော့ လုံးဝမျက်စိကွယ်ခဲ့ရသူ ဖြစ်ပါတယ်။“ကျွန်တော် ငယ်ငယ်တုန်းကတော့ မျက် လုံးကောင်းတယ်။ လေးတန်းတက်တော့ မျက်စိက နည်းနည်း မှုန်နေပြီ။ အဝေးကြီး တွေ မမြင်ရတော့ဘူး။ ၉ တန်း ၁၀ တန်းမှာ တော့ မျက်လုံးက မှုန်ရာကနေ မမြင်ရ တဲ့ အဆင့်ကို ရောက်သွားတယ်။ အဲဒါကြောင့် စာမေးပွဲဖြေရင် သူငယ်ချင်းဆီသွား အိပ်ရတယ်။ သူတို့ ကျက်တာကို နားထောင်ပြီး ဖြေရတယ်” လို့ သူက ပြောပါတယ်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့တခြားသူငယ်ချင်းတစ်ဦးရဲ့ စာကျက်သံကို နားထောင်ပြီး ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ တက်္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ သူပါ။ စာမေးပွဲဖြေတဲ့အခါ မျက်စိ မမြင်တဲ့အတွက် တက်္ကသိုလ်ပညာရေးကို လက်လျှော့ပြီး စာမေးပွဲ မဖြေ တော့မယ့် အကြောင်းစာရေးမကိုပြောတဲ့အခါ စာရေးမရဲ့ ပြန်ပြောလိုက်တဲ့စကားလုံးတွေက သူ့အတွက် ရှေ့ဆက်ဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်လို့ ကိုဇော်လင်းထွန်းက ပြောပါတယ်။ 

“စာရေးမက ကျွန်တော့်ကို ပြောတယ်။ ဒါဆို ဘာလို့ ကျောင်းတက်တာလဲဆိုပြီး လာပြောတယ်။ ကျွန် တော် တော်တော် စိတ် ဆိုးသွားတယ်။ ကျွန်တော့်မှာ ကျောင်းအထိ လာဖို့ အခက်အခဲတွေ အများကြီး ကြားထဲ ကလာရတာ။ လူတွေရဲ့ သဘောထား အ မြင်တွေက ကျွန်တော်တို့ပေါ်မှာ မကောင်းခဲ့ဘူး။ အဲဒီအချိန်ကတည်းက ကျွန်တော် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့တယ်။ အဲဒီအချိန် ကတည်းကသာ ကျွန်တော် လက်လျှော့ခဲ့ရင် အခုလို ပညာသင်ဆုလည်းရလာမှာ မဟုတ်ဘူး” လို့ သူ့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ကို ပြန်ပြောင်းပြောပြပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ လူတိုင်း မသင်မနေရ ပညာသင်ကြားရေးကို အားလုံးက ကြိုးစားနေကြ ပေမယ့်လည်း တစ်ဖက်မှာ မသန်စွမ်း ကလေးတွေရဲ့ ပညာသင်ကြားမှုကတော့ နိမ့်ကျနေ ဆဲဆိုတာကို မြန်မာဖွံ့ဖြိုးရေး မဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားဖူးပါတယ်။ 

တကယ်တော့ မသန်စွမ်းဆိုတာက ရော ဂါ မဟုတ်ပါဘူး။ အခြေအနေတစ်ခုကြောင့် မလိုချင်ပေမယ့် ရလာတဲ့ဘ၀တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ အချိန်အခါမရွေး မသန်စွမ်းသူ ဖြစ်သွားနိုင်ပါတယ်။ မသန်စွမ်း တွေကို သာမန်သူတွေနဲ့ ခွဲခြားပြီး ဆက်ဆံနေတာတွေလည်း ရှိနေသေးတယ်။ 

အထူးသဖြင့် ထိုသူတို့အတွက် အလုပ် အကိုင်၊ အခွင့်အရေး၊ ပညာရေးစတဲ့ နေရာတွေနဲ့ လူမှုရေး နယ် ပယ်တချို့က ယနေ့တိုင်လျစ်လျူရှုဆဲ၊ နှိမ့်ချနေဆဲပင် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အာရှ-ပစိဖိတ် ပညာ သင်ဆုကို သန်စွမ်းသူများရော၊ မသန်စွမ်းသူများရော လျှောက်ထားတဲ့ အယောက် ၃၅၀ ထဲမှာ ၁၀ ယောက်ရွေးပြီး ပညာသင်ဆု ချီးမြှင့်တဲ့နေရာမျာ မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတွေကို ပညာတော်သင် တက်ရောက်လေ့ ရှိကြပါတယ်။ များသော အားဖြင့် သန်စွမ်းသူတွေ အများဆုံးသွားရ လေ့ရှိတဲ့ ပညာသင်ဆုလည်း ဖြစ်ပါတယ်။

ကိုဇော်လင်းထွန်းကတော့ ၂၀၁၂ခုနှစ် အာရှ-ပစိဖိတ်ပညာသင်ဆုမှာ ဖိလစ်ပိုင် နိုင်ငံ အစိုးရတက္ကသိုလ် တစ်ခုမှာArt and Development  ဘာသာရပ်မှာ တက်ရောက်ခွင့်ရခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ 

ထိုကျောင်းကလည်း မသန်စွမ်း ကျောင်း သားတစ်ဦးကို ပထမဦးဆုံး လက်ခံဖူးတဲ့ ကျောင်း ဖြစ်ပါတယ်။ သူ့အတွက်ကတော့ အရာရာဟာ စိန်ခေါ်မှုပဲဖြစ်နေပြီး မသန် စွမ်းတစ်ယောက်က ဒီလိုပညာသင်ဆုနဲ့ ဒီလို ကျောင်းကို သွားနိုင်ပါ့မလား ဆိုတာက တော့ မယုံနိုင်စရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတကယ်လုပ်နိုင်ခဲ့ တယ်ဆိုတာကတော့ အိပ်မက် မဟုတ်ပါဘူး။

“ကျောင်းစတက်တုန်းကတော့ အားလုံးက အထူးအဆန်းလို့ မြင်နေတာပေါ့။ သူတို့က မသန်စွမ်းတစ် ယောက်ကို ဘယ်လို သင်ပေးရမယ်ဆိုတာလည်း မသိဘူး။ သူ တို့ဘက်က လိုမယ်ထင်တာတွေ မေးတယ်။ ကျွန်တော် အားတက်စရာတစ်ခုက ကျွန် တော့်ကို အစစအရာရာ စီစဉ်ပေးတယ်။ သူတို့အနေနဲ့ ဘယ်လို လုပ်ပေးရမလဲဆိုတာ မသိတဲ့အတွက် လုပ်ပေးတာနဲ့ကိုယ်နဲ့ အံဝင်ခွင်ကျမှုမရှိတာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့အများကြီး ကြိုးစားပြီး လုပ်ပေးတယ်” လို့ ပြောတယ်။ 

ဒါပေမဲ့ ကျောင်းတက်တဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ မသန်စွမ်းသူတွေပေါ်မှာ အခွင့်အရေးချိုးဖောက်မှု မရှိစေရန် ဆိုတဲ့အချက်ကို စိတ်ထဲမှာ အမြဲထားတဲ့ အတွက် ကျောင်းမှာ နောက်ဆုံးနှစ် စာတမ်း ပြုစုတာ တောင်မှ မသန်စွမ်းသူများကို ပင်မ ရေစီးကြောင်းထဲကို ထည့်သွင်းဖို့ မူဝါဒတွေ နဲ့ပတ်သက်တဲ့စာတမ်းကို ရွေးချယ်ခဲ့တယ် လို့ ကိုဇော်လင်းထွန်းက ပြန်ပြောပြပါတယ်။ 

“သူ့အနေနဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ပထမဆုံးမြန်မာနိုင်ငံရဲ့ မသန်စွမ်းတွေ အပေါ်ထားတဲ့ မူဝါဒ တွေ၊ မသန်စွမ်းသူ တွေကို ကူညီနေတဲ့အဖွဲ့တွေက ဘာတွေ လုပ်ဆောင်လဲဆိုတာကို လေ့လာမယ်။ သူတို့ တွေရဲ့ အခြေအနေနဲ့ polict တွေက ထိရောက်မှုရှိလားဆိုတာ လေ့လာမယ်” လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေ အ တွက် လှုပ်ရှားမှုတွေအဖြစ် သူတွေ့မြင်ရတာကတော့ “မသန်စွမ်း ဆိုင်ရာဥပဒေတွေကို လွှတ်တော်ထဲမှာလည်း အကောင် အထည် ဖော်တာတွေ့တယ်။ ဒါပေမဲ့ တိကျတဲ့ ပေါ်လစီမျိုးမတွေ့မိဘူး။ ဌာန ဆိုင်ရာတွေရဲ့ လှုပ်ရှားမှုတွေပဲ တွေ့ရတယ်” လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ အစိုးရက မသန်စွမ်း များနှင့် ပတ်သက်သောကဏ္ဍကို အလေး အနက်မထားကြောင်း၊ နိုင်ငံခြားတွင် မသန် စွမ်းမှုကဏ္ဍကို အလေးအနက်ထားသော်လည်း မြန်မာနိုင်ငံ၏ မသန်စွမ်းကဏ္ဍသည် ပေါ်လစီထဲမှာသာရှိပြီး လက်တွေ့အကောင် အထည်ဖော်ရာတွင် အားနည်းနေကြောင်း မသန်စွမ်းသူများ လေ့လာရေးအဖွဲ့များက သုံးသပ်ထားတာလည်း ရှိပါတယ်။ 

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုမှုတွေ ပိုမိုကျယ်လောင်လာပေမယ့်လည်း အစိုးရကယနေ့တိုင် ထိရောက်စွာ အကောင်ထည်ဖော်ပေးနိုင်မှုမျိုး မတွေ့ရသေးဘူး။အလုပ်အကိုင်ရရှိရေး၊ ပညာ သင်ကြားရေးနဲ့ လူမှုပတ်ဝန်းကျင်မှာ ရဲရဲဝံ့ဝံ့ တန်းတူလုပ်ကိုင်ဆောင်ရွက်နိုင်ရေးတွေမှာလည်း မသန်စွမ်း သူတွေက သန်စွမ်းသူတွေကဲ့သို့ အခွင့်အရေးတွေ ရရှိဖို့လည်း လိုအပ်နေပါတယ်။ကိုဇော်လင်းထွန်းလို မသန်သော်လည်း စွမ်းသူတွေဟာ နိုင်ငံတကာ တက်္ကသိုလ် တွေမှာ သန်စွမ်းသူတွေနဲ့အပြိုင် ပညာ သင်ဆုတွေ ချီးမြှင့်ခြင်း ခံနေရပါပြီ။ သူတို့ကို နိုင်ငံတကာက အသိအမှတ်ပြု မှု၊ ဂရုစိုက်မှုတွေ၊ အားပေး မှုတွေ ရှိနေ ပါပြီ။ အဲဒီလိုပဲ မြန်မာနိုင်ငံထဲမှာလည်း မသန်စွမ်းသူတွေကို သန်စွမ်းသူတွေနဲ့ တန်းတူ အခွင့်အရေးရရှိဖို့ အစိုးရက အားပေးချီးမြှောက်မှုတွေ လိုအပ်နေပါပြီ။ 

ဒါ့အပြင် နိုင်ငံတွင်းမှာ မသန်စွမ်း သူတွေအတွက် ဆိုင်ရာကဏ္ဍအလိုက်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းတွေမှာ မသန်စွမ်းသူအချိုးနဲ့အညီ ဖွင့်လှစ်ပေးဖို့ လိုပါတယ်။မသန်းစွမ်းသူတွေဟာ သန်စွမ်းသူတွေထက် ပိုပြီးစွမ်းဆောင်ပြနိုင်တယ်ဆိုတာ ကိုဇော်လင်းထွန်းလို၊ မစုပုံချစ်တို့လိုလူတွေက သက်သေပြလျက်ရှိပါတယ်။ 

Mizzima - News in Burmese 

No comments:

Post a Comment