Wednesday 4 June 2014

သိန်းပေါင်းခြောက်သောင်းကျော် အသုံးပြုခဲ့ပြီးနောက် ဇေယျာရွှေမြေအသင်း အား ရွှေနဂါးမင်းကုမ္ပဏီ တာဝန်ယူတော့မည် မဟုတ်

ဇေယျာရွှေမြေအသင်းအား မြန်မာနေရှင်နယ်လိဂ်အစမှ တာဝန်ယူတည်ထောင်ခဲ့သော ရွှေနဂါးမင်းကုမ္ပဏီ သည် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့မှ စတင်၍ တာဝန်ယူတော့မည် မဟုတ်ပေ။

ရွှေနဂါးမင်းကုမ္ပဏီသည် ဇေယျာရွှေမြေအသင်းအား ခြောက်နှစ်တာ ကာလအတွင်း အသင်းရပ်တည်နိုင်ရန် သိန်းပေါင်း ခြောက်သောင်းအထိ အသုံးပြုခဲ့သည်။ သို့သော် လက်ရှိအချိန်၌ ရွှေနဂါးမင်းကုမ္ပဏီအနေဖြင့် ဇေယျာရွှေမြေအသင်းအား တာဝန်ယူ ဆောင်ရွက်တော့မည် မဟုတ်သောကြောင့် လက်ရှိအသင်းပိုင်ရှင် ဦးသူရိန်နှင့် ၎င်း၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင် ဦးဝေအောင်နှင့်တွဲဖက်ပြီး ဇေယျာရွှေမြေအသင်းအား ဆက်လက်ပြီး တာဝန်ယူသွားမည် ဖြစ်သည်။

ထို့အပြင် ဇေယျာရွှေမြေ အသင်းအနေဖြင့် စပွန်ဆာကုမ္ပဏီများနှင့် ချိတ်ဆက်၍ အသင်းမှရရှိသော ၀င်ငွေများဖြင့်သာ ဆက်လက် ရပ်တည်တော့မည်ဖြစ်သည်။ 

ဦးသူရိန်က “ကျွန်တော်တို့ရဲ့ မိသားစုကုမ္ပဏီဖြစ်တဲ့ ရွှေနဂါးမင်းအနေနဲ့ ဇေယျာရွှေမြေအသင်းကို တာဝန်ယူ တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေအချို့ရဲ့ကုမ္ပဏီတစ်ခု ရှိပါတယ်။ လက်ရှိမှာ တော့ ကျွန်တော်တို့ရဲ့ဝင်ငွေနဲ့ အသင်းရဲ့ ရပ်တည်မှုကို ဆက်ထိန်းထားမှာပါ။ စပွန်ဆာသုံးခုနဲ့လည်း ချိတ်ဆက်နေပါတယ်။ ကွင်းသစ် တည်ဆောက်ပြီးရင်တော့ အသင်းမှာ အမြတ်အစွန်းတွေလာမှာ ဖြစ်တာ ကြောင့် စပွန်ဆာကြေးရယ်၊ အသင်းရဲ့ ၀င်ငွေတွေရယ်နဲ့ပေါင်းပြီး အသင်းကို ရပ်တည်သွားမှာပါ။ နောက် ရာသီမှာ ဆိုရင် အသင်းပိုင်ရှင်ဆိုပြီးရှိမှာ မဟုတ်တော့ပါဘူး။ ဒါရိုက်တာအဖွဲ့ ဖွဲ့ပြီးတော့ အသင်းဥက္ကဋ္ဌကို ရွေးချယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် ဦးသူရိန်သည် ဇေယျာရွှေမြေ အသင်း၏ရလဒ်များ ဆိုးရွားနေမှုအား စိတ်ပျက်လျက်ရှိပြီး အသင်း တွင် ကြိုးစားအားထုတ်မှုမရှိသော ကစားသမားများအား အပြောင်းအလဲ ပြုလုပ်သွားမည်ဖြစ်သော်လည်း နည်းပြအဖွဲ့အား အပြောင်းအလဲ ပြုလုပ်မည် မဟုတ်ဟု ထပ်မံ ပြောကြားခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment