Thursday 13 March 2014

အွန်လိုင်းငွေပေးချေမှု လက်ခံမည့် လုပ်ငန်းရှင်များနှင့် MPU ဆွေးနွေးမည်

ပြည်တွင်းဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်ထားသည့် MPU ကတ်ကို အသုံးပြု၍ အွန်လိုင်းစတိုး များတွင် ငွေပေးချေနိုင်ရန် လုပ်ငန်းရှင်များနှင့် ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

MPU ကတ်များဖြင့် အွန်လိုင်း ငွေပေးချေနိုင်ရန် သုံးစွဲသူ စမ်းသပ်လက်ခံသည့် အဆင့် (UAT -User Acceptance Test) အဆင့်ကို လုပ်ကိုင်နေပြီး ယင်းအဆင့် အောင်မြင်ပါက လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေး စမ်းသပ်မှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“UAT စမ်းတာ ဒီလထဲမှာ ပြီးမယ်ဆိုရင် နောက်လထဲမှာ တွေ့ဖြစ်မယ်” ဟု ၎င်းကဆိုသည်။

MPU ကတ်များဖြင့် အွန်လိုင်း ငွေပေးချေမှုရရှိလျှင် e-Commerce လုပ်ငန်းအတွက် အထောက်အကူဖြစ်ပြီး ဝန်ဆောင်မှု လက်ခံရန် စိတ်ဝင်စားသော်လည်း ငွေပေးချေမှု လက်ခံစက်များ ဖြစ်သည့် POS (Point Of Sale) အသုံးပြုရာတွင် ပစ္စည်းတန်ဖိုး၏ ၁ ရာခိုင်နှုန်း ဝန်ဆောင်ခ ပေးရသောကြောင့် ယင်းဝန်ဆောင်မှု လက်ခံရန် အခက်အခဲ ဖြစ်နေကြောင်း အွန်လိုင်းစတိုးလုပ်ငန်း လုပ်ကိုင်နေကြသူများက ပြောဆိုသည်။

“ခေါက်ဆွဲခြောက်တို့ ဘာတို့လို တန်ဖိုးနည်းတဲ့ ပစ္စည်းတွေက အကြောင်းမဟုတ်ဘူး။ ဖုန်းတို့၊ ကွန်ပျူတာ တို့လို အီလက်ထရွန်နစ် ပစ္စည်းများတွေကျတော့ ပမာဏ အရမ်းများတယ်” ဟု အွန်လိုင်း ဈေးဝယ်လုပ်ငန်း လုပ်ကိုင်နေသည့် Zaw Gyi Mart အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းအောင်က ရှင်းပြသည်။

MPU က လုပ်ငန်းရှင်များထံမှ ကောက်ယူသည့် ၁ ရာခိုင်နှုန်းမှာ နိုင်ငံတကာကတ်များ ဖြစ်သည့် VISA၊ Master Card များကောက်ခံသည့် နှုန်းထားနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း ဦးဇော်လင်းထွဋ်က ဆိုသည်။

နိုင်ငံတကာကတ်များ ဖြစ်သည့် VISA၊ Master Card များဖြင့် ငွေပေးချေမှု လက်ခံပါက ၂ ဒသမ ၅ ရာ ခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းဝန်းကျင် ပေးရကြောင်း ပြည်တွင်း ဘဏ်များထံမှ စုံစမ်းသိရှိရသည်။

MPU ကတ်များဖြင့် အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို မေလအတွင်း ရရှိမည် ဖြစ်ကြောင်း MPU အမှုဆောင် အရာရှိချုပ်က ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment