Thursday 13 March 2014

အမျိုးစောင့်ဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ထပ်မံပေးပို့မည်

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်း ချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်၊

နိုင်ငံမှာ အမျိုးစောင့်ဥပဒေ ပြဌာန်းပေးဖို့အတွက် တောင်းဆိုရတာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ တခြားဘာသာဝင်တွေနဲ့ လက်ထပ်တဲ့အခါ အခွင့်အရေးဆုံးရှုံးခဲ့ရတာတွေ တွေ့ရတာကြောင့် ဖြစ်တယ်လို့ လည်း ဆရာတော်က မိန့်ပါတယ်၊

"လက်တလောလည်း သူတို့က လိုအပ်လို့တောင်းလို့ရှိရင် သူတို့အခု တောင်းတော့တောင်းတယ်၊ တောင်း တာ ကိုလည်း နဂိုတုန်းက ရည်ရွယ်ထားတဲ့ တင်မယ့်မူသဘောမျိုးလောက်ကိုပဲ ဦးဇင်းက ရှင်းလင်းချက်နဲ့ ထပ်ပြီးတော့တင်ပေးဖို့လည်း အစီအစဉ်ရှိပါတယ်၊ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာမဟုတ်သည့်တိုင်အောင် တိုင်းရင်းသား အမျိုးသမီးတွေဟာ ဘယ်သူနဲ့ပဲ လက်ထပ်ထိမ်းမြား တကယ့်အခက်အခဲကြုံတဲ့အခါမှာ အခွင့်အရေး ရသင့်သလောက်ရနိုင်အောင် လုပ်ပေးတဲ့ ဥပဒေကြမ်းပါပဲ၊ "

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက မိန့်ကြားသွားတာပါ၊

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မဖြစ်မနေပြဌာန်းပေးဖို့ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသကနဲ့အတူ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မထံ ပြီးခဲ့တဲ့ဇူလိုင်လ ၉ ရက်နေ့က ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေနှစ်ရပ် ပြဋ္ဌာန်းရေးအတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို အခုလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment