Thursday 13 March 2014

ဗိုလ်ချုပ် ဂွမ်မော်အား အရေးယူမှုနှင့်ပတ်သက်၍ ကချင်လူထုအများစု ကျေနပ်မှုမရှိ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်ကမ်းကြိုဆိုပြီး လိုင်ဇာညီလာခံကို ဦးဆောင် ဦးရွက်ပြုလုပ်ပေးခဲ့တဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို ကချင်အဖွဲ့ အစည်း ဖြစ်တဲ့ KIO ထိပ်ပိုင်းခေါင်းဆောင်တွေက လွန်ခဲ့တဲ့တစ်ပတ် လောက်ကတည်းက လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက်တယ်ဆိုပြီး ကချင်လူထုကြားထဲမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆန္ဒပြင်းပြနေ တဲ့ ကချင်လူထု အများစု လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ကချင်ပြည်နယ်ကြီး တစ်ခုလုံး ငြိမ်းချမ်းရေးရဖို့ မားမား မတ်မတ် ရပ်တည်လှုပ်ရှားနေတဲ့ ဗိုလ်ချုပ် ဂွမ်မော်ကို အရေးယူထားတာ မှန်ခဲ့ရင် တကယ်စိတ်မကောင်းစရာပါ။ ကချင်လူထုကြားထဲမှာလည်း ဗိုလ်ချုပ် ဂွမ်မော်အပေါ် ကြည်ညို လေးစားသူ များ တဲ့ အတွက် မကျေမနပ်ဖြစ်နေကြ ပါတယ်။

မြစ်ကြီးနားကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဗိုလ်ချုပ် ဂွမ်မော်တို့အဖွဲ့လာတော့ ဒေသခံပြည်သူတွေက KIA အလံတွေ၊ နဖူးစီးတွေနဲ့ အုတ်အော်သောင်းနင်း ကြိုဆိုခဲ့ကြတာကို ပြန်အမှတ်ရမိပါတယ်။ ငြိမ်းချမ်းရေး လိုချင်တဲ့ ပြည်သူတွေ က ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်လိုစိတ်ရှိတဲ့ ဗိုလ်ချုပ် ဂွမ်မော်ကို အားကိုး ယုံကြည်ခဲ့ကြတယ်။ အဲဒီအချိန် ကတည်းက ငြိမ်းချမ်းရေးလိုလားတဲ့ ဗိုလ်ချုပ် ဂွမ်မော်ကို ပြည်သူတွေ ထောက်ခံ ခဲ့ကြပေမယ့် ကချင်အဖွဲ့အစည်း ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့က သဘောမကျခဲ့ဘူးလို့ သတင်းတွေ ပြန်ကြားရပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ် ဂွမ်မော်ကို လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက်တာ အမှန် များဖြစ်လေမလား စိုးရိမ်ပူပန်မိပါတယ်။

ကချင်လူငယ်တွေကလည်း ဗိုလ်ချုပ် ဂွမ်မော်ကို လေးစားထောက်ခံ ခဲ့ကြပါတယ်။ ရန်ကုန်မှာရှိတဲ့ ကချင်လူငယ် အဖွဲ့ရဲ့ စီစဉ်မှုနဲ့ ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ကို ရောက်လာပါတယ်။ ဒီဘက်ခေတ်ကာလမှာ KIA ခေါင်းဆောင် တစ်ယောက် ရန်ကုန်မြို့အထိ လာရောက်တယ်ဆိုတာ ပထမဆုံးအကြိမ်လို့တောင် ပြောလို့ ရပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ငြိမ်းချမ်းရေးအပေါ် လိုလားလိုက်ပါဆောင်ရွက်မှုကို အသိအမှတ် ပြုတာကြောင့် လက်နက်ကိုင် သောင်းကျန်းသူ(သူပုန်)ရယ်လို့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ မပြောခဲ့ကြပါဘူး။ တွေ့ဆုံပွဲလုပ်တော့ ၈၈ မျိုးဆက်နဲ့ ဦးတေဇတို့ကတောင် တက်ရောက်ခဲ့ကြပါသေးတယ်။ 

အင်တာဗျူးတွေ ဖြေတော့ ဗိုလ်ချုပ် ဂွမ်မော်က KIA ရဲ့ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ကချင်အရေးနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့မှုတွေအပေါ် ကချင်အဖွဲ့အစည်း ထိပ်ပိုင်းခေါင်းဆောင်အချို့က အစာမကြေခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော် ရဲ့ လုပ်ဆောင်မှုကြောင့် အများအမြင် နိုင်ငံတကာပြယုဂ်မှာတော့ လူထုထောက်ခံမှုရရှိတဲ့ KIO/KIA ဆိုပြီး ပုံပေါ် စေခဲ့ပါတယ်။ကချင် လူထုအများစု ကပဲ ဗိုလ်ချုပ် ဂွမ်မော်ကို လေးစားတာ မဟုတ်ပါဘူး။ DVB အသံလွှင့်ဌာနကတောင် Person of Year အဖြစ် ဗိုလ်ချုပ် ဂွမ်မော်ကို မြှောက်စားချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ မျက်နှာပေးချိုချို အပြောချိုချိုတို့ ကြောင့် မန္တလေးတက္ကသိုလ်ထွက် KIA ခေါင်းဆောင်ကို ကချင်လူထုအများစုက ယုံကြည် ခဲ့ကြတာဖြစ်ပါ တယ်။

ဗိုလ်ချုပ် ဂွမ်မော်ကို ကချင်လူထုက မျက်လုံးစုံမှိတ်ထောက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ သူရဲ့လက်တွေ့ ဆန်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ၂၀၁၁/၂၀၁၂ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ မှာ KIA တို့ အလွန် အထိနာခဲ့ပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ တစ်ဖက်တရုတ်နိုင်ငံထဲကိုရော အခြားလွတ် မြောက်ရာဒေသတွေကို ရှောင်ပြေးကြတဲ့အထဲမှာ KIA စစ်သားတွေ ဒုနဲ့ဒေးပါ။ လစာမရှိ၊ ထောက်ပံ့မှုမရှိ၊ ခေတ်မမီ တော့တဲ့ လက်နက်၊ မပြည့်စုံတဲ့ ခဲယမ်း၊ အကန့်အသတ်များနဲ့ တရုတ်နယ်စပ်ဆေးရုံ၊ လက်မခံတော့တဲ့ ဒေသခံတွေ နဲ့ အချိန်ကြာကြာ တောင့်မခံနိုင်တော့ဘူးဆိုတဲ့ သဘာဝကျတဲ့ အတွေးအခေါ်မျိုး ဗိုလ်ချုပ် ဂွမ်မော် တွေးမိခဲ့ဟန် တူပါတယ်။ ဒါ့ကြောင့် ငြိမ်း ချမ်းရေး ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တုန်းက တရုတ်ကလည်း KIA အပေါ် ပြန်ဖိအားပေးလာတဲ့ အခြေအနေ၊ KIA တို့ လက်နက်ခဲယမ်းဝယ်ယူရာမှာ “၀” နဲ့ အိန္ဒိယနယ်စပ်က အခက်အခဲများ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စီးပွားရေး လုပ်ငန်းများ အဆင်မပြေတော့တဲ့အချိန် အစိုးရစစ်တပ်က အမြစ်ဖြုတ် တိုက်တော့မှာ ပေါ်လွင်နေ တဲ့ အခြေအနေ တွေကြောင့် KIA ရဲ့ ရပ်တည်ချက်ကို စစ်ရေးအသွင်ကနေ နိုင်ငံရေး အသွင်ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း ဗိုလ်ချုပ် ဂွမ်မော်က ငြိမ်းချမ်းရေးလမ်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ကို လက်ရှိအနေအထားမှာ လုပ်ပိုင်ခွင့်တွေ ခေတ္တရပ်ဆိုင်းထားတယ်။ KIO/KIA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် အင်တာဗျူး ဖြေဆိုမှုတွေကိုပါ ပိတ်ပင်ထားတယ်။ လုပ်ပိုင်ခွင့်တွေ ကန့်သတ်လိုက် တယ် ဆိုတဲ့ သတင်းတွေကြောင့် ကချင်လူထုအများစုက ကျေနပ်မှုမရှိကြောင်းနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ကို ကချင်အဖွဲ့အစည်း ခေါင်းဆောင် ပိုင်းအချို့က မလိုလားတာကြောင့် ဗိုလ်ချုပ် ဂွမ်မော် အရေးယူ ထားတယ် ဆိုတဲ့ သတင်းက ကချင်ပြည်သူအများစုအတွက် စိုးရိမ်သောက ရောက်စေတာတော့ အမှန်ပဲဖြစ် ပါ တယ်။

Shan News

No comments:

Post a Comment