Thursday 6 March 2014

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်းမရှိ၍ အတည်ပြုနိုင်ရန် သမ္မတထံ လွှတ်တော်ပြန်ပို့မည်

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်းသည် ပြည်သူနှင့် နိုင်ငံတော်အကျိုးစီးပွား အား လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်အပြင် ဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်း မရှိသည့်အတွက် အတည်ပြုပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားသည်။


အဆိုပါ ဥပဒေကြမ်းအား သမ္မတမှ လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၄ ရက်တွင် သမ္မတထံ ပေးပို့ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့ခဲ့သည်။

ယင်းသ၀ဏ်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရန် တာဝန်အပ်နှင်းခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်များအား အုပ်ချုပ်ရေးအဖွဲ့အစည်းကသာ ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်စေ လိုခြင်းဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ကြောင်း၊ ထို့အတွက် သုံးသပ်တည့် မတ်စေ လိုသော စေတနာဖြင့် လည်းကောင်း၊ ဒီမိုကရေစီ ကျင့်စဉ်ကောင်းများနှင့် နည်းလမ်းတကျ လုပ်ဆောင် သည့် အစဉ်အလာကောင်းများ ထွန်းကားရန် ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်မရှိသော လွှတ်တော် ကိုယ် စားလှယ် များက ဆောင်ရွက်နိုင်ရေး ပြဋ္ဌာန်းရန် ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်၊ အနှစ်သာရများကို ဆန့်ကျင်နေကြောင်း၊ ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ် သည့် အတွက် နိုင်ငံတော်သမ္မတက လက်မှတ်မရေးထိုးခြင်းဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ သ၀ဏ်လွှာအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာခက်မသုံးဖြာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးရမည်ဟု ဖော်ပြထားကြောင်း၊ လွှတ်တော်၌ ဥပဒေများ ပြုရာတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယခုဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် အောက်ခြေဖွံ့ဖြိုးရေး လုပ်ငန်းငယ်များသည် ပြည်သူ များနှင့် တိုက်ရိုက်သက်ဆိုင်သော ပြည်သူများစိတ်ဝင်စားသည့် ဒေသအကျိုးပြု လုပ်ငန်းဖြစ်၍ ပြည်သူ့ ကိုယ်စားလှယ် များဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိ ညီညွတ်မှုရှိသည်ကို လေ့လာတွေ့ရှိ ရကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆိုသည်။

ထို့အပြင် ကော်မတီက ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ကို ဥပဒေအရ ဖွဲ့စည်းတာဝန်ပေးထားကြောင်း၊ ဤဥပဒေကြမ်း သည် ပြည်သူနှင့် နိုင်ငံတော်အကျိုးစီးပွားကို အမှန်တကယ် လက်တွေ့ကျကျ ဆောင်ရွက်နိုင်သော ဥပဒေဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ဆန့်ကျင်ခြင်းမရှိကြောင်း ဥပဒေကြမ်း ပူးပေါင်းကော် မတီ က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment