Thursday 6 March 2014

တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေ

ပြင်သစ်မြောက်ပိုင်းရှိ ဆေးလိပ်အရောင်းဆိုင် တစ်ဆိုင်တွင် ရောင်းချနေသော စီးကရက်ဗူးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ ရှူရှိုက်ရမှုကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေပြီး ၎င်းတို့၏ သွေးကြောများကို အချိန်သုံးနှစ်ကျော်စောပြီး အိုမင်းရင့်ရော်နိုင်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။ ပျက်စီးမှုပုံစံမှာ သွေးကြောနံရံများ ထူလာခြင်းဖြစ်ပြီး သက်ကြီးပိုင်းတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များ မြင့်တက်စေသည်ဟု သုတေသီများ၏ ပြောကြားချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဖင်လန်နှင့် သြစတြေးလျတွင် ဆေးလိပ်သောက်သော မိဘများမှ မွေးဖွားသည့် အသက်သုံးနှစ်မှ ၁၈ နှစ်အထိ ကလေး ၂၀၀၀ ကျော်ကို သုတေသီများက လေ့လာခဲ့ရာ မိဘနှစ်ဦးစလုံး ဆေးလိပ်သောက်လျှင် ကလေးများတွင် ယင်းအန္တရာယ်ရှိသည်ဟု တွေ့ရှိခဲ့ကြသည်။

သုတေသီများက ယင်းကလေးများ၏ ဦးခေါင်းမှ လည်ပင်းအထိ ပင်မသွေးလွှတ်ကြောတစ်ခုတွင် ပြောင်းလဲမှု များကို အချိန်ယူ လေ့လာခဲ့ကြသည်။ စစ်ဆေးခါစတွင် ၎င်းတို့၏ သွေးကြောနံရံသည် အသင့်အတင့်ထူပြီး နှစ် ၂၀ ခန့်အကြာတွင် သိသိသာသာ ထူထဲလာခဲ့သည်ဟု သုတေသီများက ပြောကြားခဲ့သည်။

ကလေးဘ၀တွင် ဆေးလိပ်ငွေ့များ ရှူရှိုက်မိခြင်းကြောင့် သွေးလွှတ်ကြော ပုံသဏ္ဌာန်ကို တိုက်ရိုက်ပျက် စီးစေပြီး ပြန်မကောင်းနိုင်သည်အထိ ပျက်စီးစေသည်ကို ယင်းလေ့လာမှုက သက်သေပြခဲ့ကြောင်း တက် စ်မေး နီးယား တက္ကသိုလ်မှ ဒေါက်တာဆင်းနာဂါးလ်က ပြောကြားခဲ့သည်။

ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းနှင့် ပတ်သက်၍ ဘေးကင်းစိတ်ချရသော ရှူရှိုက်မှုပမာဏ မရှိဟု သုတေသီများက ပြောကြားခဲ့သည်။ နေအိမ်တွင် ဆေးလိပ်သောက်သည့် မိသားစုဝင်များနှင့်အတူ ကြီးပြင်းခဲ့ ရသူ များတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပြသရန်အတွက် ယခုသုတေသနက ရည်ရွယ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment