Thursday 6 March 2014

ထားဝယ်လူမျိုး မရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက် ထားဝယ် တိုင်းရင်းသားများပါတီ ကန့်ကွက်

လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ထားဝယ်လူမျိုး မပါဝင်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ပြောကြားချက်ကို ထားဝယ် တိုင်းရင်းသားများ ပါတီက ကန့်ကွက်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပါဝင်ဆောင်ရွက်မည့် စာရင်းစစ်၊ စာရင်းကောက်များ တွေ့ဆုံသော အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၏ ပြောကြား ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ထားဝယ်လူမျိုးအဖြစ် ဖြည့်ရန်အတွက် ဂဏန်းသင်္ကေတေ အမှတ် ၅၀၂ ဖြင့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် တစ်မျိုးအဖြစ် တရားဝင် ပါရှိနေပြီး သန်းခေါင်စာရင်းတွင် ထားဝယ်ဟုသာ ဖြည့်သွင်း ရေးသားရန် သက်ဆိုင်ရာ နိုင်ငံရေး၊ လူမှုရေးအဖွဲ့များက တိုက်တွန်းလျက် ရှိသည်။
“သူ့ပြောခဲ့တာကို ပြန်ရုပ်သိမ်းရမယ်” ဟု ဦးအေးမင်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မတ်လ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သန်းခေါင်စာရင်း ကောက် ယူရေး တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီထံသို့ အသိပေးထားကြောင်း ထားဝယ် တိုင်းရင်းသားများပါတီထံမှ သိရသည်။

ယင်းသို့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ထားဝယ်လူမျိုး မပါဝင်ဟု ပြောဆိုခြင်းမှာ သန်းခေါင်စာရင်း ကောက် ယူရာတွင် လူမျိုးနေရာတွင် ဖြည့်ရန် ဥပမာပေး ပြောဆိုခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။
“လူမျိုးနေရာမှာ ထားဝယ်ဆိုပြီး ဖြည့်ချင်ဖြည့် တခြားတိုင်းရင်းသား နာမည်ပဲ ဖြည့်ဖြည့် ကြိုက်သလို ဖြည့်လို့ရတယ်။ ကျွန်တော်တို့က ကန့်ကွက်စရာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် ထားဝယ်လူမျိုး မပါဝင်ဟု ပြောဆိုခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူရာ တွင် လွဲမှားကာ အမှားအယွင်း ဖြစ်လာပါက ထားဝယ်ခရိုင် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌတွင် တာဝန်လုံးဝရှိကြောင်း ထားဝယ် တိုင်းရင်းသားများပါတီက သတိပေး ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုး သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ဖြေရှင်းရန် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အား ဝန်ကြီးဌာန၊ UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) မှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သဘောတူခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment