Thursday 6 March 2014

သမ္မတဦးသိန်းစိန် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး

သမ္မတဦးသိန်းစိန်အား အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား မတ် ၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ ဖြစ်ကြသည့် ဘရူနိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj-Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Eth Sarath၊ အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Dr. Moeldoko၊ လာအိုနိုင်ငံ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Brig-Gen. Khamlieng Outhakasone၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Dato' Sri (Dr) Zulkifeli Bin Mohd Zin၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Emmanuel T Bautista၊ စင်ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt-Gen. Ng Chee Meng၊ ထိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn၊ ဗီယက်နမ်နိုင်ငံမှ Sr. Lt-Gen. Do Ba Ty တို့ တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီး မှု ပိုမိုခိုင်မာစေရေး၊ နိုင်ငံအလိုက် အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည် ရှိသော တပ်မတော်များအဖြစ် နိုင်ငံတော်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကာ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်နေမှုများကို ရှင်းပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ် ၅ ရက် နံနက်ပိုင်းတွင် ဘူတန်နိုင်ငံဝန်ကြီးချုပ် H. E. Lyonchhen Tshering Tobgay နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment