Thursday 6 March 2014

တရုတ်က ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်

ပေကျင်းရှိ Forbidden City ဘေးတွင် မိုဘိုင်းအင်တာနက် အချက်အလက် ဖမ်းယူသည့်စက်ကို နေရာချနေသော တရုတ်ပြည်သူ့ စစ်ရဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (Photo:AFP)

တရုတ်က ၎င်း၏ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်အတွက် အသုံးစရိတ် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထားသော ၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသတွင်းနှင့် ၀ါရှင်တန်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။

တရုတ်သည် စစ်ရေးအသုံးစရိတ်ကို လေးနှစ်တိုင်တိုင် တိုးမြှင့်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်ခဲ့သည်။ သို့သော် အမှန်တကယ် အသုံးစရိတ်သည် တရားဝင်ထုတ်ပြန်ချက်ထက် သိသိသာသာ များပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပြီး ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁၃၅ ဘီလျံမှ ၂၁၅ ဘီလျံအကြား ရှိနိုင်ကြောင်း ပင်တဂွန်က ခန့်မှန်းခဲ့သည်။ “၂၀၁၄ ခုနှစ်အတွက် အစိုးရ အသုံးစရိတ်ရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ယွမ် ၈၀၈ ဒသမ ၂၃ ဘီလျံ (ဒေါ်လာ ၁၃၂ ဘီ လျံ) ကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် သတ်မှတ်လိုက်ပါတယ်” ဟု မတ် ၅ ရက်က စတင်ခဲ့သည့် တရုတ်ပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးသို့ တင်ပြရန် ပြင်ဆင်ထားသည့် အသုံးစရိတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျပန်ကလည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၂၄ ဒသမ ၇ ထရီလျံ (ဒေါ်လာ ၂၄၀ ဘီလျံ) အထိ တိုးမြှင့်ရန် ယမန်နှစ်ဒီဇင်ဘာလက သဘောတူညီခဲ့ရာ လာမည့်ငါးနှစ်အတွက် ငါးရာခိုင်နှုန်း တိုးမြှင့်မှုဖြစ်သည်။ အမေရိကန်ကလည်း ၂၀၁၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၆၃၃ ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဒီဇင်ဘာတွင် အတည်ပြုခဲ့သည်။

တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်များသည် အမေရိကန်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ မီနိုင်သော်လည်း စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုနှင့် အသုံးပြုနိုင်မှုစွမ်းရည်တို့ကို မီရန်မှာမူ နှစ်ပေါင်းများစွာ အချိန်ယူရဦး မည်ဖြစ်သည်။ လတ်တလောတွင် တရုတ်စစ်ရေး အသုံးစရိတ်သည် အိန္ဒိယထက် သုံးဆနီးပါး ပိုမိုများပြားပြီး ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ စုစုပေါင်း အသုံးစရိတ်ထက် ကျော် လွန်နေကြောင်း လည်း သိရသည်။

Eleven Media Group

No comments:

Post a Comment