Thursday 6 March 2014

ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ ရန်ပုံငွေပွဲ ကစား

ပြင်သစ်ဂန္ထ၀င်ကစားသမား ဇီဒန်း Young Boys အသင်းဘက်သို့ ထိုးဖောက်ကစားနေစဉ်

ကမ္ဘာတစ်ဝန်း၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ဇီဒန်း၊ ရော်နယ်လ်ဒိုတို့ ဦးဆောင်ပါဝင်သည့် ရန်ပုံငွေခြေစမ်းပွဲကို မတ် ၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းစ်မြို့ တွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ယင်းဘောလုံးပွဲကို ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(UNDP) ၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး UNDP သံတမန် နှစ်ဦးဖြစ်သူ ဇီဒန်းနှင့် ရော်နယ်လ်ဒို သူငယ်ချင်းများအသင်းနှင့် ဆွစ်ဇာလန် ကစားသမားဟောင်းများ ပါဝင်သည့် Young Boys အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဇီဒန်းနှင့် ရော်နယ်လ်ဒိုအသင်းတွင် နီကိုပိုလိုင်ဒစ်(ဂိုး)၊ ဆယ်လ်ဂါဒို၊ မာလ်ဒီနီ၊ ဟီယာရို၊ ဖီဂို၊ ဂတ်တူဆို၊ နက်ဗက်၊ ဒေဗော် ဆူကာတို့ ပါဝင်ကစားခဲ့ပြီး Young Boys အသင်းတွင်လည်း ဟာကန်ယာကင်နှင့် မူရတ်ယာကင်တို့ ပါဝင်ကစားခဲ့သည်။ ဇီဒန်း နှင့် ရော်နယ်လ်ဒိုအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ပလာတီနီက ကိုင်တွယ်ခဲ့ပြီး (၈-၅)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ရန်ပုံငွေဘောလုံးပွဲများကို ၂၀၀၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုပွဲစဉ်မှ ရရှိသော ၀င်ငွေများအား တိုင်ဖွန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment