Monday 10 February 2014

ဘဏ်အကောင့်အတုလုပ်ပြီးမော်တော်ယာဉ်တင်သွင်းခွင့် ပါမစ် လျှောက်ထားမှုများရှိနေ

မော်တော်ယာဉ်တင်သွင်းသူအချို့သည် ဘဏ်အကောင့် အတုလုပ်ပြီး မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် လျှောက်ထားမှု များရှိနေကြောင်း ကားလောကအတွင်းမှ သိရှိရသည်။

နိုင်ငံခြားငွေစာရင်း ပြုလုပ်ရာတွင် အစိုးရဘဏ်များဖြစ်သည့် MICB နှင့် MFTB ဘဏ်တို့၌ ဘဏ်စာအုပ် စနစ်ကျင့်သုံး၍ အတု ပြုလုပ်၍မရပေ။ သို့သော် ပုဂ္ဂလိက ဘဏ်များ၌ ဘဏ်ချလန်ကို အသုံးပြုသောကြောင့် ကားတင်သွင်းသူ အချို့က အမှန်တကယ် ငွေစာရင်း မဖွင့်လှစ်ဘဲ အတုပြုလုပ်နေကြောင်း ကားတင်သွင်းသူတစ်ဦးထံမှ သိရှိရသည်။

ဘဏ်အကောင့် အတုပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကားတင်သွင်းသူတစ်ဦးက “နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်တဲ့နေရာမှာ အစိုးရဘဏ်တွေမှာတော့ အတုလုပ်လို့ မရပါဘူး၊ ပုဂ္ဂလိကဘဏ်တွေကတော့ ဘဏ်စာအုပ်မရှိဘဲ စာရွက် တစ်ရွက်ကို Statement ဆိုပြီး Print Out လုပ်တဲ့အခါကျတော့ အတုလုပ်ရတာ လွယ်ပါတယ်၊ တချို့ ကုမ္ပဏီတွေက အစောင်ရေအရမ်းများတဲ့အတွက် ဘဏ်ထဲကို ပိုက်ဆံ မထည့်တော့ဘဲ မှတ်ပုံတင်ငှား၊ ဘဏ်အကောင့် ဒေါ်လာ တစ်ရာ ဖွင့်၊ စာရွက်ပေါ်မှာ တံဆိပ်တုံးထုပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှာ ပါမစ် လျှောက်ကြပါတယ်၊ ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိဘဏ်တွေ အချိတ်အဆက် မရှိတာကြောင့် အတုလုပ်လို့ရတာ ဖြစ်ပါတယ်၊ ၀န်ကြီးဌာနက ဘဏ်အကောင့် တကယ်ရှိလား၊ မရှိလား ဆိုတာ ၀င်ပြီး စစ်ဆေးကြည့်ရင်တော့ အဖြေပေါ်လာမှာပါ၊ ဒီမှာ ကျင့်သုံးနေတဲ့ စနစ်က Telegraph Transfer ဖြစ်တဲ့အတွက် ပစ္စည်း မရောက်ခင် ငွေကြိုပေးရတာ ဖြစ်ပါတယ်။ TT စနစ်သုံးပြီး LC ပုံစံမျိုးနဲ့ သွားနေကြတော့ လက်တစ်လုံးကြား လုပ်နေပြီး စနစ်နဲ့ မကိုက်ညီဘူး ဖြစ်နေပါတယ်။ CIF တန်ဖိုး ဒေါ်လာ ငါးထောင်ရှိတဲ့ ကားတစ်စီးအတွက် ဘဏ်ကိုငွေ သွင်းတာ သိပ်မသိသာပေမဲ့ CIF တန်ဖိုးများတဲ့ ကားဆိုရင် သိသာပါတယ်၊ CIF တန်ဖိုး ဒေါ်လာ နှစ်သောင်းဆိုရင် ကျပ်သိန်းနှစ်ရာ ထည့်ရမှာဖြစ်ပြီး အတုလုပ်မယ်ဆိုရင် နှစ်သိန်းတောင် မကုန်ဘဲ စလစ်တစ်စောင်ရမှာ ဖြစ်ပါတယ်၊ တကယ်လုပ်မယ့်သူက သိန်းနှစ်ရာရင်းမှ စလစ်တစ်စောင်ရမှာ ဖြစ်ပါတယ်၊ အတုလုပ်လို့မရအောင် ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်တဲ့အခါ စာအုပ်တစ်အုပ် ထုတ်ပေးရမှာ ဖြစ်ပါတယ်၊ ဘဏ်စာအုပ်တွေက အမြဲတမ်း Update လုပ်နေတဲ့အခါကျတော့ အတုလုပ်လို့မရပါဘူး၊ ပုဂ္ဂလိက ဘဏ်တွေက နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်တဲ့အခါ Bank Charge တွေယူတယ်၊ Transfer Rate လည်း ယူထားပါတယ်၊ ဒါကို စာအုပ်ဖိုးမရင်းချင်လို့ စာရွက်နဲ့ပဲ သွားမယ်ဆိုရင် အတုလုပ်တဲ့ ပြဿနာတွေက ရှိနေဦးမှာဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။

Automobile Journal

No comments:

Post a Comment