Monday 10 February 2014

ထိုင်းတော်ဝင် ရေတပ်ပိုင် စစ်သင်္ဘောသုံးစင်း သီလဝါ ဆိပ်ကမ်းသို့ ကမ်းကပ်မည်

ထိုင်းတော်ဝင် ရေတပ်မတော်ပိုင် စစ်သင်္ဘော သုံးစင်းသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းသို့ ကမ်းကပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းတော်ဝင်သံရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းတော်ဝင် ရေတပ်မတော်မှ ဗိုလ်လောင်းနှင့် ဦးစီးအရာရှိ ၆၉၅ ဦး ပါဝင်သော ဗိုလ်လောင်းများ လေ့ ကျင့်သင်ကြားရေးယူနစ်သည် စစ်သင်္ဘောသုံးစီးဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက် ရှိ မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၅ ရက်ကြာ ကမ်းကပ်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်တွင် ထိုင်းတော်ဝင် ရေတပ်မှ ဗိုလ်လောင်းများက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်၊ သွေးလှူပွဲများ ကျင်းပရန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပန်းခြံများတွင် ပျိုးပင်များ စိုက်ပျိုးသွားရန်တို့ကို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ယင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ထိုင်းရေတပ်မှ ဗိုလ်လောင်းများက ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပမည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ရေတပ်များ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲ သွားမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းသို့ သြစတြေးလျနိုင်ငံ တော်ဝင်ရေတပ်ပိုင် HMAS Childers အမည်ရှိ ကင်းလှည့် စစ်သင်္ဘောသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည်။

ဂျပန်၊ တရုတ်နိုင်ငံတို့မှ စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်းက ရောက်ရှိလာခဲ့သည်။

The Voice Weekly

No comments:

Post a Comment