Monday 10 February 2014

စီးပွားရေးပါမောက္ခကို ပင်စင်ပေး၍ တက္ကသိုလ်ဆရာအသင်း ကန့်ကွက်

ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနပါမောက္ခ၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးကို ပညာ ရေးဝန်ကြီးဌာနက မယူမနေရ ပင်စင်ပေးခဲ့ခြင်း အမိန့်ကြော်ငြာစာအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက် သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကာယကံရှင်တစ်ဦး၏ အရေးကိစ္စသက်သက်မဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းထုတစ် ရပ်လုံးနှင့် ဘ၀လုံခြုံရေးကို ဥပဒေမဲ့ ခြိမ်းခြောက်လာသည့် ကိစ္စတစ်ရပ်အဖြစ် သုံးသပ်ရပါသောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အပါအ၀င် သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ အထက်ဖော်ပြပါ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြောငြာစာကို ပယ်ဖျက်ပေးရန် (သို့မဟုတ်) မှန်ကန်မျှတသည့် ကုစားမှု ပေးရန် သဘောထားကြေညာချက်ဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမအသင်းမှ တညီတညွတ်တည်းတောင်း ဆိုထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

ပင်စင်ပေးခံရခြင်းနှင့်ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးက “ခုချိန်ထိ ပင်စင်ဖောင်ကိုလည်း မဖြည့်သေးဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်ထားတယ်။ တရားလွှတ်တော်ရုံးချုပ်က လက်ခံထားတယ်။ သူတို့စွပ်စွဲထားတဲ့ကျူရှင်ကိစ္စ၊ ဌာနတွင်း စည်းလုံးညီညွတ်မှုပျက်အောင်လုပ် ထားတယ်ဆိုတဲ့အချက်တွေကို ဆရာမကြီးအနေနဲ့ ကျူးလွန်ထားတာလည်း မရှိဘူး။ ဆောင်ရွက်ထား တာလည်းမရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေအရ ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးလက်မှတ်ဖြင့် မယူမနေရပင်စင် ပြစ်ဒဏ်ပေးသည့် အမိန့်ကြော်ငြာစာကို ၂၀၁၃ မတ်လ ၂၉ ရက် တွင် လက်ခံရရှိခဲ့သည်ဟု ဆရာမကြီးက ဆိုသည်။ ၀န်ထမ်းလုပ်သက် ၃၃ နှစ်ရှိပြီး သက်ပြည့်ပင်စင်ယူ ရန် လေးနှစ်ကျန်ရှိသည့်အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါအမိန့်ကြော်ငြာစာနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံ တိုင်စာပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တရားလွှတ်တော်ရုံးချုပ်သို့ တိုင်ကြားထားသည်ဟု ဒေါက်တာဒေါ်ကျင်ဌေးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment