Monday 10 February 2014

နိုင်ငံတစ်ဝန်းမှ အောက်ဆီဂျင် ကုသိုလ်ပြုရေးအဖွဲ့ ၅၀ ကျော် တွေ့ဆုံ

နိုင်ငံတစ်ဝန်းရှိ ဇီဝိတဒါန အောက်ဆီဂျင် ကုသိုလ်ပြု လှူဒါန်းသည့်အဖွဲ့ ၅၀ ကျော်၏ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် မာဃဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မာဃ အောက်ဆီဂျင် အလှူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အခမဲ့ အောက်ဆီဂျင် ကုသိုလ်ပြု လှူဒါန်းရေး အဖွဲ့ပေါင်း ၅၂ ဖွဲ့ တက်ရောက်ခဲ့ပြီး အဖွဲ့အစည်း အချင်းချင်း ချိတ်ဆက်ကာ လှူဒါန်းမှုပြုရန် လိုအပ်ချက်များ၊ နည်းလမ်းများ၊ အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ကျန်းမာရေး အခြေအနေကြောင့် အသက်ရှင်ရန် လိုအပ်နေသည့် လူနာများအတွက် အောက်ဆီဂျင်အိုးများကို အခမဲ့ ငှားရမ်းပေးသည့် ယခုကဲ့သို့ အဖွဲ့အစည်းများ ရှိသည့်အတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ဆရာတော် အရှင်သဒ္ဓမ္မက မိန့်ကြားသည်။

မာဃ အောက်ဆီဂျင် အလှူပေးရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် မေလက စတင်တည်ထောင်ခဲ့ပြီး အောက်ဆီဂျင် အိုးကြီး အိုးသေး အလုံးရေ ၁၀၀ ခန့်ဖြင့် နေ့စဉ်အောက်ဆီဂျင် လှူဒါန်းလျက်ရှိရာ ငှားရမ်းလိုသူများသည် လူနာရှင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အထောက်အထား၊ သက်ဆိုင်ရာ ဆရာဝန်၏ အောက်ဆီဂျင် အသုံးပြုခွင့် ထောက်ခံစာ စသည်တို့ဖြင့် ငှားရမ်းနိုင်ကြောင်း အဖွဲ့နာယက ဦးမြတ်စံက ရှင်းပြပြောဆိုသည်။

ရန်ကုန်ရှိ ဇီဝိတဒါန အောက်ဆီဂျင် အလှူပြုရေး အဖွဲ့များသို့ ဆက်သွယ်လို သူများအနေဖြင့် O2 ဇီဝိတဒါနအဖွဲ့ ဖုန်း ၀၉-၄၂၀၀၆၅၀၈၉၊ မာဃ အောက်ဆီဂျင် ဇီဝိတဒါန ကုသိုလ်ပြုအဖွဲ့ ဖုန်း ၀၉-၄၀၂၅၉၁၇၅၉ တို့သို့ ဆက်သွယ်နိုင်သည်။

The Voice Weekly

No comments:

Post a Comment